Home
နိုင်ငံတကာ
ဟစ်တလာက ဂျူးကိုသတ်ခဲ့သလို ဂါဇာတွင်ဖြစ်နေဟု ဘရာဇီးသမ္မတ ဝေဖန်
DVB
·
February 19, 2024
BrazilPresident_19022024

ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်းပြည်သူတွေ ခံစားနေရတာဟာ ဟစ်တလာက ဂျူးတွေကို သတ်ခဲ့သလိုမျိုး ဖြစ်နေတယ်လို့ ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားက ဝေဖန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က အီသီယိုးပီးယားနိုင်ငံမှာ ကျင်းပတဲ့ အာဖရိကသမဂ္ဂ ထိပ်သီးအစည်းအဝေးမှာ လူလာက ဒီစကားကို ထည့်ပြောသွားတာဖြစ်ပါတယ်။

ဒီဝေဖန်မှုနဲ့ပတ်သက်လို့ အစ္စရေးအစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အစ္စရေးနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီးကိုပါ ဆင့်ခေါ် သတိပေးခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတာယာဟုကလည်း “နာဇီနဲ့ ဟစ်တလာရဲ့ ဟိုလိုကော့စ်ဖြစ်စဉ်နဲ့ အစ္စရေးကို နှိုင်းတာကတော့ စည်းကျော်သွားပါပြီ” လို့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး လူလာကို ရှုတ်ချခဲ့ပါတယ်။

“ဂါဇာမှာ ပါလက်စတိုင်းပြည်သူတွေ ကြုံနေရတာက တခြားသမိုင်းအခိုက်အတန့်တွေနဲ့ နှိုင်းစရာတောင် မရှိပါဘူး။ တကယ်တော့ ဟစ်တလာက ဂျူးတွေကိုသတ်ဖို့ ဆုံးဖြတ်ခဲ့ချိန်မျိုးမှာသာ ဒီလိုကြုံခဲ့ရတာမျိုး ရှိတာပါ” လို့ လူလာက သုံးသပ်ခဲ့ပါတယ်။

“ဒါက စစ်သားတွေအချင်းချင်းချတဲ့ စစ်ပွဲမဟုတ်ဘူး။ အဆင့်မြင့်မြင့်ပြင်ဆင်ထားတဲ့ စစ်တပ်နဲ့ မိန်းမနဲ့ ကလေးတွေကြားက စစ်ပွဲတခုလို ဖြစ်နေတယ်” လို့ လူလာက ပြောပါတယ်။

ဝါရင့်လက်ဝဲယိမ်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်က လူ ၁,၂၀၀ ထက်မနည်း သေဆုံးစေခဲ့တဲ့ ဟားမတ်စ်ရဲ့ အစ္စရေးနိုင်ငံတွင်း ဝင်ရောက်ပစ်ခတ်မှုနဲ့ ဓားစာခံဖမ်းဆီးမှုကို ရှုတ်ချခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဂါဇာမှာ အမျိုးသမီးနဲ့ ကလေးတွေ အဓိကပါဝင်တဲ့ လူ ၂၈,၈၀၀ အထိ သေဆုံးခဲ့ရပြီဖြစ်တဲ့ အစ္စရေးထိုးစစ်ကို အစဉ်တစိုက် ဝေဖန်သူလည်း ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တောင်အာဖရိကက အစ္စရေးကို တရားစွဲဆိုတဲ့ အမှုမှာလည်း တောင်အာဖရိကဘက်က ထောက်ခံသူဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024