ရန်ကုန်၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက် ဒီနေ့ မနက် ၇ နာရီက ဗုံးပေါက်ပြီး ဆွမ်းခံကြွလာတဲ့ ကိုရင်လေးတပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
၁၂ ရပ်ကွက်၊ မန္တလေးလမ်း၊ အမှတ် ၂ အထက်တန်းကျောင်းရှေ့ လမ်းဘေးမှာ လက်လုပ်ဗုံးတလုံးပေါက်လို့ အသက် ၁၁ နှစ်အရွယ် ကိုရင်လေးတပါး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ကိုရင်လေး ဆွမ်းခံကြွရင်း ပလတ်စတစ်ထုပ်ကို တိုက်မိသလို ဖြစ်သွားပြီး ထပေါက်တာ။ ယာဘက်နားထင် ထိသွားတယ်။ ဒဏ်ရာတော့ မပြင်းဘူး။ လှိုင်သာယာဆေးရုံ ခေါ်သွားတယ်” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်ကလည်း ထိခိုက်ဒဏ်ရာရရှိတဲ့ ကိုရင်လေးဟာ အမှတ် ၁၁ ရပ်ကွက်၊ ဘိုကလေး သိပ္ပံဘုန်းကြီးကျောင်းက ကိုရင်အာစာရ ဖြစ်ပြီး လှိုင်သာယာဆေးရုံကနေ လမ်းမတော် ကလေးဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။
လက်တလောမှာ ၁၂ ရပ်ကွက်၊ မန္တလေးလမ်းနဲ့ အမှတ် ၂ အထက်တန်းကျောင်းအတွင်း လက်ကျန်ဗုံး ရှိ၊ မရှိ နယ်မြေခံတပ်နဲ့ ရဲတွေက ရှာဖွေစစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အင်းစိန်နဲ့ လှိုင်သာယာမြို့နယ်က အုပ်ချုပ်ရေးမှူးရုံးနားမှာ ဗုံးပေါက်ခဲ့ပြီး မြောက်ဒဂုံမြို့နယ်မှာတော့ ပစ်လွှတ်ဖို့ စီစဉ်ထားတဲ့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးကို တွေ့ရှိခဲ့ပါတယ်။