ရှမ်းပြည်နယ် ကိုးကန့် အထူးဒေသ ၁ မှာ အလုပ်လုပ်ကိုင်ဖို့ အလုပ်သမားတွေ ခေါ်ယူခွင့်ကို စစ်ရေးအုပ်ချုပ်မှုကော်မတီက ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ခွင့်ပြုလိုက်ပြီး သူလျှိုတွေ မပါဖို့နဲ့ အတင်းအဓမ္မစေခိုင်းတာ၊ ကလေးလုပ်သား သုံးတာတွေတွေ့ရင် အရေးယူမယ်လို့ ဆိုပါတယ်။
စစ်ပွဲတွေပြီးတဲ့နောက် ဒေသပြန်လည်တည်ဆောက်ရေးအတွက် အလုပ်သမားနဲ့ နည်းပညာရှင် အမြောက်အမြား လိုအပ်ပေမဲ့ ပြင်ပကနေ ရောက်လာတဲ့ အလုပ်သမားတွေထဲမှာ သူလျှိုတွေနဲ့ ရန်သူအေးဂျင့်တွေ ရောနှောပါဝင်လာပြီး ထောက်လှမ်းရေး ဒါမှမဟုတ် ဖောက်ခွဲရေးလုပ်တာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်ရမယ်လို့ ဆိုပါတယ်။
အခုအခါ အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီက အလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီတွေကို တည်ထောင်ဖွင့်လှစ်ဖို့ ခွင့်ပြုလိုက်ပြီး အဲဒီကုမ္ပဏီတွေကို ပြည်ပအလုပ်သမားနဲ့ နည်းပညာရှင်တွေ ခေါ်ဆောင်ပေးဖို့ တာဝန်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ကဏ္ဍအသီးသီးက လုပ်ငန်းပိုင်ရှင်တွေအနေနဲ့ အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီဆီမှာ လိုအပ်တဲ့ အလုပ်သမားအမျိုးအစားကို သွားရောက်စုံစမ်းလေ့လာနိုင်ပြီး သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တပါတည်း ကြေညာလိုက်တာပါ။
လုပ်ငန်းပိုင်ရှင်တွေအနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် အလုပ်သမားခေါ်ယူဖို့ ခွင့်ပြုပေမဲ့ ခေါ်လာတဲ့ အလုပ်သမားတွေထဲမှာ သူလျှိုတွေ တွေ့ရင် ခေါ်ယူတဲ့ ကုမ္ပဏီ ဒါမှမဟုတ် လုပ်ငန်းပိုင်ရှင်တွေကို အရေးယူသွားမယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေကတော့ မိမိသဘောအတိုင်း အလုပ်ရွေးချယ်တာ ဒါမှမဟုတ် အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီဆီမှာ ပွဲစားခပေးဆောင်ပြီး အကူအညီတောင်းနိုင်တယ်လို့ ဆိုပါတယ်။
အလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီတွေဟာ အလုပ်သမားခေါ်ယူမှုဆိုင်ရာ စည်းကမ်းချက်တွေကို တင်းတင်းကျပ်ကျပ် လိုက်နာရမှာဖြစ်ပြီး အလုပ်သမားတွေရဲ့ နိုင်ငံရေးနောက်ခံကို အသေးစိတ်စစ်ဆေးရမယ်လို့ ဆိုပါတယ်။
ပြီးတော့ အလုပ်သမားတွေကို အတင်းအဓမ္မစေခိုင်းတာ၊ အလုပ်သမားတွေကို လိမ်ခေါ် ပြီး သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့ အလုပ်တွေ ခိုင်းတာ၊ ကလေးအလုပ်သမား သုံးတာတို့ကို လုံးဝ ကန့်ကွက်တားမြစ်ပြီး တွေ့ရင်လည်း ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ဆိုပါတယ်။
လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေဟာ မိမိ၏ဆန္ဒအလျောက် လုပ်ငန်းပုံစံနဲ့ လစာစံနှုန်းတွေကို ဆုံးဖြတ်နိုင်ပြီး အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီရဲ့ ပွဲစားခကောက်ခံမှု စံနှုန်းတွေကိုလည်း လုပ်ငန်းအမျိုးအစားအလိုက် အလုပ်သမားနဲ့ အလုပ်ရှင်တွေကို ကြိုတင်ရှင်းပြရမှာဖြစ်သလို လိမ်လည်တာကို လုံးဝ တားမြစ်ထားပါတယ်။
လုပ်ငန်းရှင်နဲ့ အလုပ်သမားကြား လုပ်ငန်ခွင် အငြင်းပွားတာတွေဖြစ်ရင် သက်ဆိုင်ရာ ဥပဒေဌာနမှာ တရားစွဲခြင်း ဒါမှမဟုတ် အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီဆီမှာ အကူအညီတောင်း ညှိနှိုင်းဖြေရှင်းနိုင်ပြီး အလုပ်သမားတွေအားလုံးဟာ အထူးဒေသ ရဲတပ်ဖွဲ့ဆီမှာ လုပ်ငန်းကတ်လျှောက်ထားရယူဖို့ သတ်မှတ်ထားပါတယ်။
လုပ်ငန်းကတ်ရှိသူတွေဟာ ဒေသတွင်းမှာ ခေတ္တနေထိုင်ခွင့်ရှိပေမဲ့ ရပ်ကွက်ကျော် ရွှေ့ပြောင်းနေထိုင်တာမျိုး မလုပ်ဖို့ တားမြစ်ထားသလို လုပ်ငန်းကတ်ကိုလည်း အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီတွေကို ဦးစားပေးမယ်လို့ ဆိုပါတယ်။