ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်နဲ့ ပန်းတနော်မြို့နယ်တို့မှာ ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၆ ရက်မနက်ပိုင်းက မီးလောင်ခဲ့ပြီး နေအိမ် ၇ လုံးထက်မနည်း ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ စိန်ပန်းလမ်းနဲ့ ပန်းတနော်မြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ ရွှေမြင်တင်ဘုရားလမ်းမှာ မီးလောင်ခဲ့တာဖြစ်ပါတယ်။
ဧရာဝတီတိုင်း အခြေပြုဆောင်ရွက်နေတဲ့ လူမှုကူညီရေး အဖွဲ့ဝင်တယောက်က “မနေ့က မော်ကျွန်းမှာလောင်တဲ့ မီးကြောင့် ဆုံးရှုံးမှုတွေအရမ်းများတယ်။ လူသေဆုံးတာတော့ မရှိပါဘူး။ မီးသတ်ကားတွေ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ရတာလွယ်တဲ့ အတွက်ကြောင့်ပါ။ တနေ့က ပန်းတနော်မှာ လောင်တဲ့ မီးကတော့ အိမ် တလုံး မီးထဲသွားတယ်။ အခုရက်ထဲမှာ မီးလောင်မှုတွေ ခပ်စိပ်စိပ်ဖြစ်နေတာကြောင့် သတိပြု မီးသုံးစွဲဖို့ အကြံပေးပါတယ်” လို့ ပြောပါတယ်။
အဲဒီ မီးလောင်မှုတွေကြောင့် လူသေဆုံး ထိခိုက်တာတွေတော့မရှိဘဲ မီးကြွင်းမီးကျန်ကနေ တဆင့် လောင်ကျွမ်းတာဖြစ်ပြီး မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးတွေကို မီးသတ် ဦးစီးဌာနတွေက တွက်ချက်နေတယ်လို့ သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က မီးလောင်မှုဖြစ်စဉ်ကို မော်လမြိုင်ကျွန်းမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၃ စီးနဲ့ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေ၊ ကြက်ခြေနီတပ်ဖွဲ့တွေက ပူးပေါင်း ငြှိမ်းသတ်ခဲ့ပြီး ပန်းတနော် မြို့နယ်က မီးလောင်မှုကိုလည်း မြို့နယ်မီးသတ်ဦးစီးမှူး က ဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေက ပူးပေါင်း ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကလည်း မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ မဟာဗန္ဓုလ ၅ လမ်းမှာ ဖယောင်းတိုင်နဲ့ ဘုရားမီးပူဇော်ရာက မီးလောင်ခဲ့ပြီး နေအိမ် ၃ လုံး မီးလောင်ပြာကျခဲ့သေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၈ ရက် ညနေပိုင်းကလည်း ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာနဲ့ မော်လမြိုင်ကျွန်းမြို့နယ်ကို ပြေးဆွဲနေတဲ့ မင်းလက်ယာ ခရီးသည်တင် ရေယာဉ်ဟာ ရာဇူဒိုင်ချောင်း အမှတ် ၂ တံတားနား ဆီဖြည့်နေတုန်း မီးလောင်ကျွမ်းခဲ့သေးတယ်လို့ သိရပါတယ်။