ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပြည်သူ့စစ်သင်တန်းတက်ဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံတွေကို မဲနှိုက်ခိုင်းပြီး မဲမပေါက်တဲ့ အိမ်ထောင်စုတွေဆီက ငွေ ၂၀,၀၀၀ စီ တောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမပတ်အတွင်းက ညောင်လေးပင်မြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံတွေကို မဲနှိုက်ခိုင်းခဲ့တာပါ။
စစ်ကုန်းကျေးရွာမှာ အိမ်ခြေ ၃၅၀ ဝန်းကျင်ရှိတယ်လို့သိရပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ မဲပေါက်တဲ့သူ စုစုပေါင်း ၃၀ ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
မဲမပေါက်တဲ့ အိမ်ထောင်စုတွေဆီက တအိမ်ထောင်ကို ငွေ ၂၀,၀၀၀ ကျပ်စီ တောင်းယူနေတယ်လို့လည်း သူက ဆိုပါတယ်။
ဒေသခံတယောက်က “အထက်အမိန့်လို့ပြောပြီး ဝန်ထမ်းရှိတဲ့ အိမ်တွေကိုတော့ မဲမနှိုက်ခိုင်းဘူး။ ဒါပေမဲ့ နှစ်သောင်းကတော့ ဝန်ထမ်းအိမ်လည်း ထည့်ရတယ်။ ဒေသခံတွေကတော့ ကြောက်တော့ မဲနှိုက်ဆို ပြန်မပြောရဲဘူးလေ။ ကျေးရွာတွေမှာ မတရားမှုတွေအများကြီးရှိနေတယ်” လို့ ပြောပါတယ်။
ပြည်သူ့စစ်သင်တန်းတက်ဖို့အတွက် မဲပေါက်တဲ့အထဲမှာ အသက် ၆၀ ကျော် သက်ကြီးပိုင်းတွေ ပါဝင်တယ်လို့သိရပြီး သင်တန်းတက်ရမယ့်ရက်ကိုတော့ အုပ်ချုပ်ရေးမှူးက တိတိကျကျမပြောဘူးလို့ ဒေသခံက ဆိုပါတယ်။
လက်ရှိမှာတော့ အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်သင်တန်းတက်ဖို့အတွက် မဲနှိုက်ခိုင်းခဲ့တဲ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ အရွယ်ရောက်သူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစတင်ပြီး အမိန့်အာဏာတည်စေပြီဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာထားတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိပါတယ်။
ပဲခူးတိုင်းမှာ ညောင်လေးပင်အပါအဝင် တခြားခရိုင်နဲ့မြို့နယ်အများအပြားမှာလည်း စစ်ကောင်စီက ပြည်သူ့စစ် အဓမ္မ စုဆောင်းတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။