ရန်ကုန်မြို့မှာ ပေါ်တာဆွဲတဲ့သတင်းတွေ ထွက်နေတာကြောင့် အလုပ်သမားတွေနဲ့ ဝန်ထမ်းတွေ အိမ်ပြန်နောက်မကျရအောင် အလုပ်ဆင်းချိန် စောစောသတ်မှတ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။
စက်ရုံ၊ အလုပ်ရုံလုပ်သားတွေအပြင် တခြားလုပ်ငန်းကဏ္ဍအသီးသီးက အလုပ်သမားတွေဟာ အိမ်စောစောပြန်ရဖို့အတွက် သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာ ညှိနှိုင်းတောင်းဆိုမှုတွေ ရှိနေတာလို့ ဆိုပါတယ်။
ကျောက်တံတားမြို့နယ်ရှိ ကုမ္ပဏီဝန်ထမ်းတဦးက “ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန် ပြောင်းရင်လည်း ပြောင်းပေါ့။ အဓိကက အိမ်ပြန်ချိန်နောက်မကျရအောင်လို့ လူကြီးတွေနဲ့ ညှိနေတာရှိတယ်။ အိမ်ကသူတွေကလည်း အိမ်ပြန်နောက်ကျရင်စိတ်ပူနေကြတာ”လို့ ပြောပါတယ်။
ရွှေပြည်သာမြို့နယ်က အလုပ်သမားအရေး လှုပ်ရှားနေသူတဦးကလည်း အချိန်ပိုခေါ်တာတွေ လျှော့ပေးဖို့ အလုပ်သမားတွေဘက်က လိုလားနေပြီး တင်ပြတောင်းဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။
“စက်ရုံလုပ်သားတွေက တခြားသူတွေထက် အိမ်ပြန်ချိန်နောက်ကျတော့ ပိုစိုးရိမ်ကြတာပေါ့။ စက်ရုံက အိမ်နဲ့ အရမ်းဝေးတဲ့သူတွေဆိုရင် အတော်စိတ်ညစ်နေကြတယ်”လို့ ပြောပါတယ်။
ဒါပေမဲ့ အခုအချိန်အထိ အလုပ်သမားတွေရဲ့ လုံခြုံရေးအတွက် စောလွှတ်ပေးတဲ့ စက်ရုံ မတွေ့ရသေးဘဲ တချို့စက်ရုံတွေဆိုရင် ည ၁၂ လောက်အထိ အချိန်ပိုဆင်းရတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ အပြင်သွားလာတဲ့လူငယ်တွေနဲ့ အလုပ်ကပြန်လာတဲ့ လူငယ်တွေ ပျောက်ဆုံးတာ၊ ပေါ်တာဆွဲခံရတယ်ဆိုတဲ့ သတင်းတွေက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပေမဲ့ လူမှုကွန်ရက်မှာ လူငယ်တွေ ပျောက်လို့ လူပျောက် ကြေညာတဲ့ ပို့စ်တွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။