မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် အယောက် ၃၃၀ ကို မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲအပ်လိုက်တယ်လို့ ဒါကာအခြေစိုက် The Daily Star သတင်းက ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းမှာ ဘတ်စ်ကား ၆ စီးနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ကော့ဘဇားခရိုင်မှာရှိတဲ့ အင်နာနီ ရေတပ်ဆိပ်ခံတံတားကနေ မြန်မာအာဏာပိုင်တွေဆီ လွှဲ ပြောင်းပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောရေးဆိုခွင့်ရှိသူ ရှရီ ဖူလ် အစ္စလာမ်က ပြောပါတယ်။
အဆိုပါ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုလဆန်း ဖေဖော်ဝါရီ ၄ ရက်ကနေ ၉ ရက်နေ့အတွင်း ဘင်္ဂလား ဒေ့ရှ်နယ်စပ်ကို ထွက်ပြေး ဖြတ်ကျော်ဝင်ရောက်ကာ ခိုလှုံခွင့်တောင်းခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကို မော်တာ ကျည်ကျရောက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့အပေါ် စစ်ကောင်စီသံအမတ်ကြီး ဦးအောင် ကျော်မိုးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ဆင့်ခေါ်ပြီးတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မော်တာကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
Source: The Daily Star
Photo- Credit: Mohammed Shek Rasel