တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီ၊ ပျူစောထီး တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်နေတာကြောင့် ဒေသခံတွေ ရွာလုံးကျွတ် တိမ်းရှောင်နေရ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၂ ဆီကသိရပါတယ်။
စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေ အားကောင်းတဲ့ မင်းဂုတ်ကျေးရွာမှာ ဖေဖော်ဝါရီ ၅ ရက်နေ့ကတည်းက ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ဝင်ရောက်လာပြီးနောက် စစ်ကောင်စီတပ်နဲ့ ၁၀ ရက်ကျော်ကြာတဲ့အထိ တိုက်ပွဲဖြစ်ပွားနေတာလို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် စစ်ကြောင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"စကစ ဘက်ကလည်း မင်းဂုတ်တို့ အဲ့ဒီဘက်ကို တပ်တွေထပ်ဖြည့်ထားပေါ့။ ကျနော်တို့ အဖွဲ့ဘက်ကလည်း အဲ့ဒီနေ့ကတည်းက တပ်ပြန်မဆုတ်သေးဘူးပေါ့။ သူတို့လည်းပြန်မဆုတ်သေးဘူး။ အဲဒီကြားမှာကတော့ မနက်စောစောပစ်လိုက် နားလိုက်၊ နေ့လယ်ပိုင်း ပစ်လိုက်နားလိုက်ပါပဲ။ တိုက်ပွဲက ဆက်တိုက်တော့မဟုတ်ဘူးဗျာ။ စဖြစ်တဲ့နေ့တည်းကဆို နှစ်ရက်တကြိမ် သုံးရက်တကြိမ် ပစ်လိုက် နေ့တိုင်း ပစ်နေတယ်၊ တနေ့တကြိမ်လောက်တော့ အမြဲတမ်းပစ်နေတယ်။”
ဇန်နဝါရီ ၃ဝ ရက်က ပုလောမြို့နယ် မီးလောင်ချောင်းရွာမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် မင်းဂုတ်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ပုလောဘက်ကို စစ်ကူဖို့ ထွက်ခွာသွားပြီး ရွာမှာ ပျူစောထီးအဖွဲ့ဝင်တွေ ကျန်ရှိနေတဲ့အချိန် ပြည်သူ့ကာကွယ်ရေးဘက်က အင်အားသုံး ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
မင်းဂုတ်ရွာနဲ့ရတောင်ရွာတို့မှာ နေ့စဉ်နဲ့အမျှ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးသူတွေကို မြိတ်ဘက်ကနေ စပိဘုတ်နဲ့ လာရောက်သယ်ဆောင်နေရတာတွေရှိတယ်လို့ စစ်ကြောင်းပြန်ကြားရေးတာဝန်ခံရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ဝင်ရောက်လာတဲ့ ဖော်ဝါရီ ၅ ရက်နေ့ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မင်းဂုတ်ကျေးရွာနဲ့ရတောင်ရွာက ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ရွာသားတွေကတော့ အဲ့ဒီ ၅ ရက်နေ့လောက်တည်းက ရွာလုံးကျွတ်ထွက်ပြေးတာ၊ မင်းဂုတ်မှာက ရွာပျက်သွားသလို့ဖြစ်သွားပြီ။ ရွာထဲမှာ လူတယောက်မှ မရှိတော့ဘူး။ ရတောင်တို့ မောင်းလှော်တို့၊ မင်းသန်းတို့၊ မြိတ်ဘက်တို့ အကုန်ထွက်ပြေးကုန်ပြီ။ ရွာသားတွေက ပွဲကြမ်းမယ်မှန်းသိတော့ ဒုတိယရက်တည်းက အကုန်ရွှေ့ကုန်ပြီဗျာ။ ဒီ ရွာမှာပျူခေါင်းဆောင်ရှိတယ်။ ရွာမှာပျူလောက်ပဲကျန်ပြီ သူတို့ ပျူမိသာစုတွေလည်း ထွက်ပြေးကုန်ကြပြီ။”
တိုက်ပွဲဖြစ်ပွားတဲ့တလျှောက်လုံးမှာ စစ်ကောင်စီဘက်က Mi-2 ရဟတ်ယာဉ်၊ ဒရုန်းနဲ့ ပြန်လည်ဗုံးကြဲတိုက်ခိုက်တာ၊ မင်းသန်းရွာ နဲ့ ရတောင်ရွာတို့ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိင်တဲ့နေရာတွေကို ၁၂ဝ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာ ဒီနေ့အထိ အချက်ပေါင်း ၂ဝဝ လောက်ရှိနေပြီလို့ ဆိုပါတယ်။
လက်ရှိ မင်းဂုတ် ကျေးရွာအုပ်စုမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ပြည်သူ့ကာကွယ်ရေးဘက်က လက်နက်၊ ရိက္ခာ လိုအပ်လာနိုင်တယ်လို့ ပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။