ဘဝပေးလျက်၊ ခံယူချက်ကို
အပျက်မခံ အသေသာခံသွားသူ။
ကိုယ်ကျိုးမကြည့်၊ ပြည်သူ၏ဘက်
ခံသက်သက်ဖြင့် ရပ်တည်ခဲ့သူ။
တိုက်ပွဲရှေ့ဆောင်၊ ဦးခင်မောင်မြင့်
ကြယ်နီပွင့်ကား၊ ကြွေသွားခဲ့တာ
သုံးဆယ့်တနှစ်၊ ကြာပြီဖြစ်လည်း
မေ့ရက်စရာ မရှိပါတကား။ ။
ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ကျဆုံးခဲ့တာ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်ပါ။ ဒီနေ့ဆိုရင် ၃၁ နှစ် ပြည့်မြောက်ပါပြီ။ ဦးခင်မောင်မြင့်ဟာ အသက် ၁၅ နှစ်သားခန့် အရွယ်ကစပြီး ဖက်ဆစ်နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ အစဉ်တစိုက် ပါဝင်ခဲ့သူပါ။ စစ်အစိုးရအဆက်ဆက် အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခံရပြီး ကိုကိုးကျွန်းအကျဉ်းစခန်းကို ပို့ဆောင်ထိန်းသိမ်းခြင်း ခံခဲ့ရပါသေးတယ်။ ထောင်တွင်းတိုက်ပွဲတွေ၊ ကျွန်းစနစ်ဖျက်သိမ်းရေး တိုက်ပွဲတွေမှာ ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့ပါတယ်။ သူ့နိုင်ငံရေးသမိုင်းတလျှောက်ကို ပြန်ကြည့်ရင် ဂျပန်တော်လှန်ရေး ဆက်သား၊ ရကသ၊ ဗကသ၊ တကသ အမှုဆောင်၊ ငါးခရိုင် ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒပြပွဲ ပဲခူးစစ်ကြောင်းမှူး၊ ပြည်သူ့ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်၊ ပမညတ(ဌာနချုပ်) သဘာပတိအဖွဲ့ဝင်၊ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ၊ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် (ဒမဖ) နာယကအဖွဲ့ဝင် စတဲ့တာဝန်တွေကို တာဝန်ယူ ဆောင်ရွက်ခဲ့တယ်။ အင်းစိန်ထောင်တွင်း အပြင်းအထန် နာမကျန်းဖြစ်ချိန် စစ်ထောက်လှမ်းရေးရဲ့ တားဆီးပိတ်ပင်မှုကြောင့် အချိန်မီ ဆေးဝါးကုသခွင့် မရရှိဘဲ ၁၉၉၃၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ကျဆုံးခဲ့ရတာပါ။ ၃၁ နှစ် ရှိပြီပေါ့။
“ကိုခင်မောင်မြင့်လို နိုင်ငံရေးသမားစစ်စစ်တွေ ဗမာပြည်မှာ ပေါ်လာလို့ရှိရင် ဒီစစ်အစိုးရကို အမြန်ဆုံး ဖက်ပြိုင် အံတုနိုင်လိမ့်မယ်။ လူငယ်တွေ ဦးခင်မောင်မြင့်ကို အတုယူစေချင်တယ်။ ။
ဦးလေးမြင့် (အတွင်းရေးမှူး ၃) ပြည်သူ့တိုးတက်ရေးပါတီ
ကိုယ့်ကိုယ်ကိုယ် ရောင်းမစားခဲ့သူ ဦးခင်မောင်မြင့်
နွေဦးတော်လှန်ရေးကာလမှာ နိုင်ငံရေးသမားစစ်စစ် မဟုတ်သူတွေကို တွေ့နေရချိန်မှာ ဦးခင်မောင်မြင့်ကို ပိုသတိရပြီပေါ့။ ဦးခင်မောင်မြင့်ဟာ ကိုယ့်ကိုယ်ကိုယ် ရောင်းမစားသူပါ။ သူဟာ ကိုယ့်ကိုယ်ကိုယ် ပြပြီး ရောင်းစားမယ်ဆိုရင် အတော်ကို ချမ်းသာနိုင်သူပါ။ သူက ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ကွန်မြူနစ်ခေါင်းဆောင် သခင်စိုးတို့ကြားမှာ ဂျပန်တော်လှန်ရေးကာလက တဦးတည်းသော ဆက်သားအဖြစ် လုပ်ခဲ့ဖူးတယ်။ ဦးနေဝင်းက သူကောင်းပြုချင်လို့ “ကုလား” ကို ငါ့ဆီလာပါလို့ ခေါ်ခိုင်းတာတောင် သူက မသွားခဲ့ဘူး။ ဂျပန်တော်လှန်ရေးကာလ ဆက်သားလုပ်စဉ်က သူ့နာမည် စကားဝှက်က “ကုလား” ဖြစ်ပါတယ်။ သူက ဦးနေဝင်းဆီသွားပြီး သူကောင်းပြု မခံခဲ့တဲ့အပြင် သူ့အမျိုးတွေကိုလည်း ကျနော့်နာမည်သုံးပြီး အခွင့်အရေးသွားတောင်းရင် ကျနော်နဲ့ မောင်နှမချင်းတွေ သေခန်းပြတ်ပဲလို့ ပြောခဲ့သူပါ။
ကိုယ့်ကိုယ်ကိုယ် ရောင်းမစားတဲ့ ကဗျာဆရာကြီးတင်မိုး
ကဗျာဆရာကြီး တင်မိုးကို ခင်ညွန့် စစ်ထောက်လှမ်းရေးက ကဗျာရေးမှုနဲ့ ထောင် ၄ နှစ် ချခဲ့တယ်။ ထောင်ကထွက်တော့ စစ်ထောက်လှမ်းရေးတွေက သူ့ရဲ့ အင်းစိန်အိမ်ကို လာလာပြီး စီးပွားလုပ်ဖို့ အရင်းအနှီးပေးမယ်။ မြေကွက်ကျယ်ကျယ်တွေပေးမယ် ဆိုပြီး ပြောပြောနေခဲ့တယ်။ ဦးတင်မိုးက မလိုပါဘူးကွာ။ ငါက ကဗျာ လွတ်လွတ်လပ်လပ် ရေးရရင် တော်ပါပြီလို့သာ ပြန် ပြန် ပြောခဲ့တယ်။ ဒီတော့ ထောက်လှမ်းရေးတွေက ဆရာ့သားသမီးတွေ ပညာသင် တဝက်တပျက်နဲ့ ကျောင်းမပြီးကြသေးဘူးလေ။ စေတနာနဲ့ပါ၊ ငွေလိုမှာပေါ့ တဲ့။ ငါ့ကို ထောင်ထဲ ၄ နှစ်ထည့်ထားတုန်းကတော့ သားသမီးတွေငဲ့ပြီး ပြန်မလွှတ်ပေးဘူး။ အခုကျမှ ငါ့ကလောင်ကို ရပ်သွားအောင် ငွေနဲ့လာဝယ်နေတယ်။ ရမလားကွာ ဆိုပြီး ခနခန ပြောဖူးပါတယ်။
ရှစ်စက္ကန့်ငြိမ် အလေးပြုခံရသော ကြယ်စင်
ဦးခင်မောင်မြင့်ရဲ့ အကြောင်းကို AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပုံနှိပ်ထုတ်ဝေထားတဲ့ ကျဆုံးနိုင်ငံရေးအကျဉ်းသားတွေအကြောင်း စာအုပ် “ရှစ်စက္ကန့်ငြိမ်” စွန့်လွှတ်သူတို့၏ ရာဇဝင်မှာ အခုလို ဖော်ပြထားတယ်။
“ဦးခင်မောင်မြင့်”
ဒေးဒရဲမြို့ ဧရာဝတီတိုင်းတွင် မွေးဖွားသည်။ ၁၉၈၉ ခုနှစ် ဇွန်လတွင် ဖမ်းဆီးခြင်းခံရသည်။ ၁၉၉၃ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ် ရှိပြီဖြစ်သည်။
နိုင်ငံရေးနောက်ခံ
ဦးခင်မောင်မြင့်သည် အသက် ၁၄ နှစ်အရွယ် ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေး ကာလတွင် သခင်စိုးနှင့် ဗိုလ်နေဝင်းအကြား ဆက်သားအဖြစ် မြန်မာပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်သည်။ ၁၉၅၃-၅၄ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အမှုဆောင်တဦးအဖြစ် ကျောင်းသားထု၏အရေး၊ စစ်မှန်သည့် ဒီမိုကရေစီပညာရေးအတွက် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ အစဉ်အလာကြီးမားလှသည့် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ၏ စာရင်းတွင် တဦးအပါအဝင် ဖြစ်ခဲ့သည်။
၁၉၅၉ ခု ပြည်သူ့တိုးတက်ရေးပါတီ ပေါ်ထွန်းသည့်အခါ ဗဟိုကော်မတီဝင်၊ အတွင်းရေးမှူး စသည့်တာဝန်များ ယူခဲ့သည်။ တိုးတက်သည့် နိုင်ငံရေးပါတီများ စုစည်း၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမညတ) ဖွဲ့ရာတွင် သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေး ၆ ခရိုင် ဆန္ဒပြပွဲတွင် ပဲခူးစစ်ကြောင်းမှူးချုပ်အဖြစ် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တက်ကြွသည့်အခန်းမှ ပါဝင်ခဲ့သည်။
၁၉၆၅ ခုနှစ်တွင် တော်လှန်ရေးကောင်စီက အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေထုတ်ပြန်ပြီး တပြည်လုံးရှိ နိုင်ငံရေးပါတီများ၊ သာရေးနာရေးအသင်းများ၊ စာရေးဆရာအသင်း စသည့် အသင်းအဖွဲ့အားလုံးကို ဖျက်သိမ်းခဲ့သည်။ ဖျက်သိမ်းပြီးစီးကြောင်း အဖွဲ့အစည်းခေါင်းဆောင်များကိုယ်တိုင် လက်မှတ်ရေးထိုးစေပြီး အဖွဲ့၏ ဆိုင်းဘုတ်၊ တံဆိပ်တုံး၊ အလံများပါမကျန် လာရောက်အပ်နှံကြရန် အမိန့်ထုတ်ခဲ့သည်။
“ပြည်သူ့တိုးတက်ရေးပါတီ” က ဖျက်သိမ်းကြောင်း ကြေညာခြင်းမပြုသဖြင့် ခေါင်းဆောင်အားလုံး အဖမ်းခံခဲ့ရသည်။ ၁၉၆၉ ခုနှစ်တွင် ကိုကိုးကျွန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ ဦးခင်မောင်မြင့်သည် ကျွန်းဖျက်သိမ်းရေးတိုက်ပွဲဟု ထင်ရှားသည့် ကိုကိုးကျွန်း အကျဉ်းထောင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကပေးသော နိုင်ငံ့ဂုဏ်ရည်ဘွဲ့ကို ငြင်းဆိုခဲ့သည်။
ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းကြီးများ အနေဖြင့် ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့တိုးတက်ရေးပါတီ ဖွဲ့စည်းသည့်အခါ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အထက်မြန်မာပြည်တဝန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တရားများ ဟောခဲ့သည်။ ပါတီထောင်ပြီး ၇ လမျှအကြာ ၁၉၈၉ ခုနှစ် ဇွန်လတွင် အဖမ်းခံခဲ့ရသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် ထောင်အနှစ် ၂၀ ချခံရသည်။
သေဆုံးပုံ
ဦးခင်မောင်မြင့်သည် ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဝမ်းကိုက်ရောဂါ ရရှိခဲ့သည်။ ၁၉၉၂ ခုနှစ် ဩဂုတ်လတွင် အင်းစိန်ထောင် ဆေးရုံတွင် ဆေးကုသမှု ခံယူသည်။ ဝမ်းကိုက်ရောဂါကို တနှစ်ကျော် ခံစားခဲ့ရပြီး ၁၉၉၃ ခု ဖေဖော်ဝါရီလ ၁၆ ရက်တွင် ထိုဝမ်းကိုက်ရောဂါဖြင့်ပင် အင်းစိန်ထောင်တွင်း သေဆုံးခဲ့ရသည်။
မှတ်ချက်
ဦးခင်မောင်မြင့်သည် အသက် ၁၄ နှစ်မှ ကွယ်လွန်ချိန်အထိ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ပါလီမန်ဒီမိုကရေစီကာလ၊ မဆလစစ်အာဏာရှင်ကာလ၊ နဝတ စစ်အာဏာရှင်ကာလ တလျေှာက်လုံး ပြည်သူလူထုအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၍ ပြည်သူရှေ့မှ မားမားမတ်မတ်ရပ်ကာ တိုက်ပွဲဝင်သွားခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း စစ်အာဏာရှင်ခေတ် အဆက်ဆက် အကျဉ်းထောင်တို့တွင် အကြိမ်ကြိမ်အခါခါ ထိန်းသိမ်းခြင်း ခံခဲ့ရသည်။
ထောင်အရာရှိများ
ထောင်ပိုင်ကြီး (တာဝန်ခံအရာရှိ) ဦးဘိုကြည် ထောင်တာဝန်ခံဆရာဝန် ဒေါက်တာစိုးကြည်
ပြည်သူက ထာဝရလေးစား တသ သတိရနေသူ
စစ်အာဏာရှင်ကြီး ဦးနေဝင်းဟာ ရဲဘော်သုံးကျိပ်ဝင်တဦး ဖြစ်ပေမဲ့ သူသေဆုံးခဲ့တဲ့နေ့ရက်ကို ဘယ်သူမှ ဂရုမထားပါ။ သနားစရာ သမိုင်းမှာ နေရာကောင်းမရတဲ့သူပေါ့။ ဒီမိုကရေစီ တိုက်ပွဲဝင်သမားတွေချင်း အတူတူ NLD ခရမ်းအမတ် ဦးတင်မောင်ဝင်းကို အမြဲသတိရနေကြပါတယ်။ ဒါပေမဲ့ NLD ရဲ့ အလားတူ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကို ကျတော့ ပြည်သူ့ခေါင်းထဲမှာ မရှိတော့ပါ။ အလားတူ မောင်သော်က၊ ရန်ကြီးအောင်စိန်ဝင်း၊ ဦးညိုဝင်း၊ နီအောင်မေသု၊ မဝင်းမော်ဦး တို့ကိုတော့ ထာဝရ သတိရနေကြပါရဲ့။ ဦးခင်မောင်မြင့်ဟာ အဲ့သည်လို အမြဲသတိရနေရမယ့် ခေါင်းဆောင်မျိုးပါ။ သူ့စကား၊ သူ့မိန့်ခွန်း စတာတွေတိုင်းဟာ မှတ်သားစရာ အတုယူစရာတွေပါ။
စစ်အာဏာရှင်တွေဟာ ကိုယ့်မိုက်ပြစ် ကိုယ်ပြန်ခံရမယ်
ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်ကာလ အဖမ်းမခံရခင်က ပြတ်သားတဲ့မိန့်ခွန်းတွေ ပြောခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် မတ် ၁၃ ရန်ကုန်စက်မှုတက္ကသိုလ် မြက်ခင်းပြင်က ဖုန်းမော်အရေးအခင်း နှစ်ပတ်လည်မှာ ပြောတဲ့ သူ့မိန့်ခွန်းထဲက တချို့ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။ “ဟေ့ အာဏာရှင်တို့ သိပ်မကြောက်ကြပါနဲ့၊ ခင်ဗျားတို့ ဘယ်လိုပြေးပြေး မလွတ်ဘူး၊ ကိုယ်နှိပ်စက်ခဲ့တဲ့ဒဏ် ကိုယ်ပြန်ခံကြရမယ်။ ။ ဦးခင်မောင်မြင့် ၁၃ - ၃ - ၁၉၈၉ မိန့်ခွန်း
“ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေကို ကျနော်ပြောချင်တယ်။ သမိုင်းမှာ ကျနော် မှန်တယ်ထင်လို့ လုပ်ခဲ့တယ်။ ဒီအတွက် သူတို့က ကျနော်တို့ကို ကျွန်းပို့တယ်။ ကျနော်တို့ ခံခဲ့ရတယ်။ ခံရဲတယ်။ ခင်ဗျားတို့ (စစ်အစိုးရ) လည်း ပြည်သူတွေကို ဒီလောက်နှိပ်စက်နေရင် လုပ်ခဲ့တဲ့ဒဏ်တော့ (ပြန်)ခံရမှာပဲ။ သိပ်မကြောက်ကြပါနဲ့။ ကိုရီးယားမှာ “ချန်ဒူးဝမ်” ဟာ သူ့စိတ်ကြိုက် အစိုးရဖွဲ့ထားပြီးမှ လွတ်ရာလွတ်ကြောင်း ထွက်ပြေးတာတောင် မလွတ်ပါဘူး။ “ကိုယ်လုပ်ပြီးမှတော့ ကိုယ်ခံရဲရမှာပေါ့။” ဒါက အစိုးရကို ပြောချင်တာပါ။” ဦးခင်မောင်မြင့် ၁၃ မတ် ၁၉၈၉ ဘုန်းမော်နေ့ တနှစ်မြောက်အခမ်းအနား။
ဦးခင်မောင်မြင့် ဟောကိန်းနဲ့ နွေဦးတော်လှန်ရေး
ဦးခင်မောင်မြင့်က ပြည်သူကိုနှိပ်စက်တဲ့ စစ်အာဏာရှင်တွေဟာ တူသောအကျိုးပေးပြီး ဝဋ်ပြန်လည်မယ်၊ ပြန်ခံရမယ်လို့ ပြောခဲ့ပါတယ်။ အခု နွေဦးတော်လှန်ရေးမှာလည်း စစ်တပ်ဟာ ပြည်သူ ၄,၀၀၀ ကျော်ကို သတ်ခဲ့ပြီ။ အိမ်ပေါင်း ၈၀,၀၀၀ ကျော်ကို မီးရှို့ခဲ့ပြီးပြီ။ သူတို့ပြစ်ဒဏ် သူတို့ ပြန်ခံရမှာပါ။ အခုလည်း ခံနေရပါပြီ။ စစ်တပ်ရေးရာကို ထဲထဲဝင်ဝင် သိသူတွေကဆို အာဏာရှင် မင်းအောင်လှိုင်ဟာ သူ့ဘဝရှေ့ရေး မရေရာတာတွေကို တွေးတွေးပြီး အိပ်မပျော်လို့ အိပ်ဆေးတွေထိုးပြီး အိပ်နေရပါပြီလို့ ပြောနေကြပါပြီ။ ဦးခင်မောင်မြင့်ရဲ့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့တဲ့ ၃၁ နှစ်မြောက် နေ့ရက် ဖေဖော်ဝါရီ ၁၆ မှာ ဦးခင်မောင်မြင့်ရဲ့ ဟောကိန်းတွေ ဘယ်လောက်အထိ ဆက်မှန်လာမလဲ စောင့်ကြည့်သွားကြပါစို့။ ဟော ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ရဲ့ လွန်ခဲ့တဲ့ ၃၁ နှစ်ကျော် အကြာက ဟောကိန်းတွေ ပို ပို မှန်လာနေပါပြီကော။ တနေ့ထက်တနေ့။ ။
မောင်တူး