ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှာ ဖေဖော်ဝါရီ ၁၃ ရက် တနေ့တည်း စစ်ကောင်စီက ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၄ ရက် မနက် ၇ နာရီဝန်းကျင်ကလည်း သိမ်တောင်ဘုရားကုန်းထက်မှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးအရေအတွက် ၇၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အပြင် ကလိန်တောင်မြစ်၊ တိန်ချောင်းဝနဲ့ သလူချောင်းဝကြားမှာရှိတဲ့ ဇက်သင်္ဘောပေါ်ကလည်း အလုံး ရာနဲ့ချီ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ရမ်းဗြဲမြို့စစ်ဘေးရှောင်ဒေသခံတဦးက “အဲ့ဒီနေ့က ပစ်သွားတာ တမြို့လုံးပြာကျပြီလို့တောင် မှတ်တာ။ မီးလောင်တဲ့အိမ်တွေလည်း မနည်းဘူး။ မီးသတ်ကလည်း လိုက်ငြိမ်းပေးနေပါတယ်။ လူအင်အားနည်းတော့ တချို့အိမ်တွေဆို မမီလိုက်ဘူး။ ကျနော်တောင် ဝိုင်းကူငြိမ်းပေးရင်း ဂျက်ဖိုက်တာနဲ့ လာထပ်ပစ်လို့ ဗွီဒီယိုလေးရိုက်ပြီး ရွာကိုပြန်ပြေးခဲ့ရတယ်” လို့ပြောပါတယ်။
ရမ်းဗြဲမြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလကစပြီး စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်အေအေတို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်အထိ မြို့တွင်း နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့သလို ဒေသခံ ၁၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် ငှက်ပျောချောင်းရွာနဲ့ အနီးဝန်းကျင်ကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က Y-12 ထောက်ပို့လေယာဉ်တစ်စင်းနဲ့ ဗုံအလုံးသုံးဆယ်ထက်မနည်း လာကြဲခဲ့တာကြောင့် အူချေ (ခေါ်) ကုလားဘာ ရွာက နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စစ်ကောင်စီက ဒေသတွင်းဖုန်းလိုင်းတွေ ပြတ်တောက်ထားတာကြောင့် နေအိမ်မီးလောင်ဆုံးရှုံးမှုနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ ညီနောင်၃ဖွဲ့ရဲ့ ဖေဖော်ဝါရီ ၁၃ရက်နေ့ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၅ ရက် အထိ နေအိမ် ၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Photo- ရမ္မာမြေ Group