Home
မြန်မာသတင်း
ကျိုက္ကော်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး ၆ ဦးသေဆုံး
DVB
·
February 15, 2024
Acc 1522024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျိုက္ကော်မြို့ ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၅ ရက်က တွဲကားနဲ့ ပရိုဘောက်ကား တိုက်မိပြီး ပရိုဘောက်မှာလိုက်ပါလာတဲ့ ၆ ဦးလုံး သေဆုံးခဲ့တယ်လို့ မိုးကောင်း ကယ်ဆယ်ရေးနဲ့ နာရေးကူညီမှုအသင်းကနေ သိရပါတယ်။

သထုံမြို့နယ်၊ ကျိုက္ကော်အထွက် က‌ရင်လေးဆိပ် ရွှေမိုးဆီဆိုင်အနီးမှာ ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၁ နာရီလောက်က သထုံဘက်မှ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ တွဲကားနဲ့ ရန်ကုန်ဘက်က ပြန်ဆင်းလာတဲ့ ပရိုဘောက် မျက်နှာချင်းဆိုင် တိုက်မိခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် တွဲကားပေါ်ပါလာတဲ့သူတွေ ထိခိုက်ဒဏ်ရာ မရပေမဲ့ ပရိုဘောက်‌ကားပေါ် ပါလာတဲ့ ၆ ဦးလုံး သေဆုံးခဲ့ပါတယ်။

မိုးကောင်း ကယ်ဆယ်ရေးနဲ့ နာရေးကူညီမှုအသင်း တာဝန်ရှိသူတဦးက “ဘယ်လိုတိုက်သွားလဲ ဆိုတာတော့ ခုထိ သေချာမသိသေးဘူး။ တွဲကားနဲ့တိုက်ပြီး ပရိုဘောက်က လုံးဝကြေမွသွားပြီး ကားပေါ်ပါလာတဲ့ ၆ ယောက်လုံး သေသွားတယ်။ ခု‌ထိ အလောင်း ၂ လောင်းပဲ ဆွဲထုတ်လို့ရသေးတယ်။ ကျန်တဲ့ ၄ လောင်းလုံး ညပ်နေလို့ ထုတ်လို့မရသေးဘူး။ တွဲကားပေါ်ကတော့ လူအထိအခိုက် မရှိပါဘူး” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့နေရာကို မိုးကောင်း ကယ်ဆယ်ရေးအသင်း၊ မီးသတ်တပ်ဖွဲ့နဲ့ ပရဟိတအသင်းတချို့ သွားရောက်ကူညီခဲ့ပြီး သေဆုံးရုပ်အလောင်း ၆ ဦးထဲက ဆွဲထုတ်လို့ရတဲ့ ၂ လောင်းကို မိုးကောင်းကယ်ဆယ်ရေးအသင်းက ကျိုက္ကော် ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာမှာ မန္တလေးမှ စိန်ဖူးတော်ပင့်ပြီး ပြန်လာတဲ့ ပဲခူးမွန်ပရိယတ္တိစာသင်တိုက်မှ ကန်တာကားက ဘရိတ်ပေါက်ပြီး Super Custom ကားကို ဝင်တိုက်တိမ်းမှောက်ခဲ့တာကြောင့် ကိုရင် ၁၁ ပါးနဲ့ ကျောင်းသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024