ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA တပ်က ကျေးရွာတွင်း လူငယ်တွေကို မဲနှိုက်ပြီး စစ်သားစုဆောင်းနေတယ်လို့ ရွာခံတွေပြောပြချက်အရ သိရပါတယ်။
ဇန်နဝါရီလကစပြီး ရွာတရွာမှာ ပထမသုတ်အနေနဲ့ လူငယ် ၅ ယောက်ကို ခေါ်ယူတဲ့အပြင် ပေါက်မဲနံပါတ်စဉ်အတိုင်း ကျန်ရှိလူငယ်တွေ အားလုံးကိုလည်း လစဉ် ခေါ်ယူသွားမယ်လို့ သိရပါတယ်။
ဟိုပုံးမြို့နယ် ပါခက်ကျေးရွာမှ ရွာခံအမျိုးသမီးတဦးက “ကျမအစ်ကိုဆို နံပါတ် ၁ တောင်ကျတယ်။ သူတို့ကို ဆိုက်ခေါင်နဲ့ ဆီဆိုင်ကိုပို့တယ်။ သေနတ်အစစ်တွေလည်း ပေးကိုင်ခိုင်းတယ်လို့ ပြောလာတယ်။ ရပ်ရွာလုံခြုံရေးအတွက် အမျိုးသားရေးအတွက်ဆိုပြီး အတင်းခေါ်သွားတာ။ အခုတကြိမ်အပါဆို ၂ သုတ်ရှိပြီ၊ လူငယ် ၁၀ ယောက် ပါသွားပြီ” လို့ ပြောပါတယ်။
ဟိုပုံးမြို့နယ်က ကျောက်ကဆျား၊ လုံးဟီး၊ ပင်လျမ်၊ ထီဆွေး၊ ထီတဲမ်းလိတ် စတဲ့ကျေးရွာပေါင်း ၁၀ ရွာကျော်က လူငယ်တွေကို လစဉ် တရွာကို ၅ ယောက်နှုန်း ခေါ်ယူတယ်လို့ ရွာခံတွေက ဆိုပါတယ်။
ထီတဲမ်းလိတ်ရွာက အမျိုးသားတဦးက “ရွာမှာ စစ်သားတွေဝင်လာတုန်းက သေနတ်တွေလည်း ပါတယ်။ အခုခေါ်တဲ့ လူငယ်တွေကိုလည်း ရှေ့တန်းပို့တယ်ဆိုတော့ ကျနော့်ညီဆို ထိုင်းကိုသွားလိုက်တယ်။ စစ်အင်္ကျီ ထုတ်ပေးတယ်၊ သေနတ်လည်း ပေးကိုင်တယ်၊ လူငယ်တွေက မဝင်ချင်ဘူးလေ” လို့ ပြောပါတယ်။
ပအိုဝ်းပြည်သူ့စစ်ကနေ အခုလို လူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းတဲ့အတွက် လူငယ်တွေဟာ ထိုင်းနိုင်ငံကို ရရာအလုပ်နဲ့ ရွှေ့ပြောင်းအလုပ် သွားလုပ်နေကြရပြီး မိသားစုဝင်တွေလည်း တန်ဖိုးရှိပစ္စည်းတွေကို ပေါင်နှံနေကြရပါတယ်။
လက်ရှိမှာ ဆီဆိုင်မြို့တွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဆိုက်ခေါင်စံပြကျေးရွာထဲကို လူအင်အား လက်နက်အင်အားတွေ ဖြည့်တင်းနေပါတယ်။