Home
မြန်မာသတင်း
မြစ်ကြီးနားနှင့် အင်္ဂပူတွင် မီးလောင်ပြီး နေအိမ် ၁၈ လုံး ပျက်စီး
DVB
·
February 13, 2024
Fire_13022024

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နဲ့ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တို့မှာ မီးလောင်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်း နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်၊ မလိယမ်းလမ်းက လူနေအိမ်မှာ ဖေဖော်ဝါရီ ၁၂ ရက် မနက်အစောပိုင်း ၂ နာရီ ၂၅ မိနစ်လောက်က မီးလောင်ခဲ့တာကြောင့် လူနေအိမ် ၁ လုံး ပျက်စီးသွားပြီး မြို့နယ်မီးသတ်နဲ့ အရပ်ဘက်အသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့လို့ မနက်အစောပိုင်း ၂ နာရီ ၃၉ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

မြစ်ကြီးနားမြို့နယ်မှာပဲ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီ ၅ မိနစ်‌လောက်က တပ်ကုန်းရပ်ကွက်၊ စံပြလမ်းက ပစ္စည်းအဟောင်းရောင်းဝယ်ရေး အိမ်ဆိုင်ကနေ မီးလောင်မှု စတင်ခဲ့ပြီး ၂ ထပ်အိမ်တလုံးနဲ့ တထပ်အိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

မြစ်ကြီးနား လူမှုကယ်ဆယ်ရေးအသင်းဝင်တဦးက “စုစုပေါင်း ၃ လုံး လောင်သွားတာ။ နှစ်ထပ်အိမ် ၁ အိမ်ပါတယ်။ ကျန်တာက တထပ်အိမ်တွေပါ။ လူထိခိုက်မှုတော့ မရှိပါဘူး” လို့ ‌ပြောပါတယ်။

မီးသတ်နဲ့ အရပ်ဘက်အသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားခဲ့ပြီး ပျက်စီးမှုတန်ဖိုးနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကို မြစ်ကြီးနားမြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ရွာမှာ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၂၀ လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ် ၁၄ မီးလောင်ပျက်စီးခဲ့တယ်လို့ အင်္ဂပူမြို့နယ်မီးသတ်က ပြောပါတယ်။

ထင်းမီးနဲ့ ထမင်းချက်ရာက မီးကြွင်းမီးကျန်ကနေ ထရံကို မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဘေးကပ်ရက်ရှိ သွပ်မိုးထရံကာ အိမ်တွေကိုပါ မီးကူးစက်သွားခဲ့တာ ဖြစ်ပါတယ်။

မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တဦးက “မီးကြွင်းကနေ စလောင်ပြီး ဘေးကိုပါ ဆက်တိုက်ကူးသွားတာ။ အိမ်က အားလုံး ၁၄ လုံးပါ။ လူနဲ့ တိရစ္ဆာန် ထိခိုက်မှုတော့ မရှိပါဘူး” လို့ ပြောပါတယ်။

မီးလောင်မှုနေရာကို အင်္ဂပူမြို့နယ်၊ အရန်မီးသတ်တို့က မီးငြှိမ်းသတ်ယာဉ် ၂ စီးနဲ့ ရပ်ကွက်နေသူတွေက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြတာကြောင့် နေ့လယ် ၁၂ နာရီ ၃၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

မီးလောင်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ သိရပြီး ပျက်စီးမှုတန်ဖိုးကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024