ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ အသက်အရွယ် အိုမင်းနေပြီဖြစ်သလို ကျန်းမာရေးလည်း ဆိုးရွားနေတာကြောင့် လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျုံးဝင်ပြီး အခုသီတင်းပတ်ကုန်မှာ လွတ်မြောက်မှာဖြစ်တယ်လို့ ထိုင်းတရားရေးဝန်ကြီး တာဝီးဆော့ဒ်ဆွန်က ဖေဖော်ဝါရီ ၁၃ ရက်မှာ ဘန်ကောက်ပို့စ်သတင်းစာကို အတည်ပြု ပြောပါတယ်။
အကျဉ်းဦးစီးဌာနက လွတ်ငြိမ်းသက်သာခွင့် အဆိုပြုတဲ့ အကျဉ်းသား ၉၄၅ ဦးထဲကနေ လွတ်ငြိမ်းသက်သာခွင့် ကော်မတီက အတည်ပြုပေးတဲ့ အကျဉ်းသား ၉၃၀ ထဲမှာ သက်ဆင်လည်း ပါဝင်တယ်လို့ တာဝီးက ပြောပါတယ်။
အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သက်ဆင်ဟာ အသက် ၇၀ ကျော်ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ အကျုံးဝင်သလို ကျန်းမာရေးဆိုးရွားနေတယ်ဆိုတဲ့ အချက်နဲ့လည်း အကျုံးဝင်တဲ့အတွက် သူကျခံနေရတဲ့ ထောင်ဒဏ်တနှစ်ရဲ့ တဝက်ဖြစ်တဲ့ ခြောက်လ ကျခံပြီးရင် သက်သာခွင့်ရမှာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
စည်းမျဉ်းတွေအရ အကျဉ်းသားတဦးဟာ ကျခံနေရတဲ့ ထောင်ဒဏ် သုံးပုံတပုံ၊ ဒါမှမဟုတ် အနည်းဆုံး ခြောက်လ ကျခံပြီးမှသာ လွတ်ငြိမ်းသက်သာခွင့် အကျုံးဝင်ပြီး ကျန်ရှိတဲ့ ထောင်ဒဏ်ဟာလည်း ဆယ်နှစ်မကျော်ဖို့ လိုပါတယ်။
ဒါကြောင့် သက်ဆင်ဟာ အခုသီတင်းပတ်ကုန် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ဒါမှမဟုတ် ၁၈ ရက်နေ့မှာ လွတ်မြောက်လာမှာဖြစ်ပါတယ်။
ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးနောက် သက်ဆင်ဟာ ၂၀၂၃ ခုနှစ် ဩဂုတ် ၂၂ ရက်မှာ မိခင်နိုင်ငံကို ပြန်လာခဲ့ပါတယ်။
အဲဒီနေ့မှာပဲ တရားရုံးချုပ်က သက်ဆင်ကို ရင်ဆိုင်နေရတဲ့ အမှုတွေအတွက် ထောင်ဒဏ် ၈ နှစ် ချခဲ့ပါတယ်။
ပထမဆုံးညကို ဘန်ကောက် အချုပ်ထောင်ထဲမှာ ကုန်ဆုံးခဲ့ရပြီးတဲ့နောက် ကျန်းမာရေး အခြေအနေကြောင့် ရဲဆေးရုံကြီးကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။
အဲဒီနောက်မှာ ဘုရင်ရဲ့ တော်ဝင်လွတ်ငြိမ်းသက်သာခွင့်နဲ့ ထောင်ဒဏ်ကို ၈ နှစ်ကနေ ၁ နှစ်အဖြစ် လျှော့ပေးခဲ့ပါတယ်။
အဲဒီကနေမှ အခု လွတ်ငြိမ်းသက်သာခွင့်နဲ့ ခြောက်လအဖြစ် ထပ်လျှော့ပေးတာ ဖြစ်ပါတယ်။
အာဏာရ ဖွေ့ထိုင်းပါတီခေါင်းဆောင် သက်ဆင်ရဲ့ သမီးဖြစ်သူ ဖဲထောင်းထန်းရှင်နာဝပ် ကတော့ ဖခင်ဟာ မိသားစုအိမ်မှာ ပြန်နေမှာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြောပါတယ်။
Source/Photo-REUTERS/Athit Perawongmetha