အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာကနေ ဓားစာခံနှစ်ဦးကို အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့တဲ့ အထူးရဲတပ်ဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်က ချီးကျူးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် အစောပိုင်းက ဂါဇာကမ်းမြောင်တောင်ပိုင်းက ရာဖာမှာ ပါလက်စတိုင်း ၆၇ ဦး သေဆုံးစေခဲ့တဲ့ ပြင်းထန်တဲ့ ကယ်ဆယ်ရေး စစ်ဆင်ရေးတခုမှာ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ အစ္စရေး-အာဂျင်တီးနား ဓားစာခံနှစ်ဦးကို အစ္စရေးက ကယ်နိုင်ခဲ့ပါတယ်။
အစ္စရေးစစ်တပ်၊ ရှင်းဘတ် လုံခြုံရေးဌာနနဲ့ အထူးရဲတပ်ဖွဲ့တို့ရဲ့ စစ်ဆင်ရေးအတွင်း အသက် ၆၀ အရွယ် ဖာနန်ဒို ဆိုင်မွန် မာမန်နဲ့ အသက် ၇၀ အရွယ် လူးဝစ် ဟဲရ်တို့ လွတ်မြောက်ခဲ့တယ်လို့ စစ်တပ်က ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်ပွဲကို အစပြုခဲ့တဲ့ ဟားမတ်စ်စစ်သွေးကြွတွေက အောက်တိုဘာ ၇ ရက် စီးနင်းမှုအတွင်း လူ ၂၅၀ လောက်ကို ဖမ်းခဲ့တာမှာ ခု ပြန်လွတ်လာတဲ့ ၂ ယောက်လည်း ပါဝင်ခဲ့ပါတယ်။
အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး၊ လက်ယာစွန်းနိုင်ငံရေးသမား အစ်တမာ ဘန်ဂျီဗီယေ က နေတန်ယာဟုနဲ့အတူ စကားပြောဆိုခဲ့ပြီး လက်ကျန် ဓားစာခံ ၁၃၄ ဦးဟာလည်း သဘောတူညီချက်မရှိဘဲ ပြန်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ဓားစာခံ ၃၁ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပေမဲ့ အစ္စရေးဝန်ကြီးချုပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်ရေးဖိအားတွေ ဆက်ရှိနေသင့်ပြီး ရာဖာကို မြေပြင်ထိုးစစ်ဆင်ဖို့ နိုင်ငံတကာ သတိပေးချက်တွေကို ဘေးဖယ်ထားလိုက်တယ်လို့ ပြောခဲ့ပါတယ်။
ဟားမတ်စ်စစ်သွေးကြွတွေဟာ အောက်တိုဘာ ၇ ရက် ကျူးကျော်မှုအတွင်း အစ္စရေး တောင်ပိုင်းက အရပ်သားအများစုပါတဲ့ လူ ၁,၂၀၀ ကျော်ကို သတ်ခဲ့တယ်လို့ အစ္စရေး စာရင်းဇယားတွေက ဆိုပါတယ်။
အစ္စရေးက ဟားမတ်စ်စစ်သွေးကြွ ၁၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး တပ်ရင်း လေးပုံသုံးပုံကို ဖယ်ရှားခဲ့တယ်၊ တပ်ရင်းလေးခုက ရာဖာမြို့မှာ ရှိနေခဲ့တယ်လို့ အစောပိုင်းက ပြောခဲ့ပါတယ်။
Source/Photo-Reuters