စစ်ကောင်စီက ရှေ့တန်းထွက်နေတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ သေဆုံးမှုစာရင်းကို မထုတ်ပြန်ကြောင့် မိသားစုဝင်တွေ ရက်လည်ဆွမ်းသွပ်ပြုလုပ်ဖို့ ခက်ခဲနေတယ်လို့ စစ်တပ်အသိုက်အဝန်းကနေ သိရပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်မဌာနချုပ် လက်အောက်ခံ ခြေလျင်၊ ခြေမြန် တပ်ရင်းတွေ ၂၀၂၂ ခုနှစ်ကစတင်ကာ ရှေ့တန်းထွက်ရပြီး အဆိုပါ အရာရှိ၊ စစ်သည်တွေ သေဆုံးခြင်းရှိမရှိကို မိသားစုဝင်တွေ မသိရဘူးလို့ တပ်မ ၉၉ နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အမျိုးသားက တပ်မ ၉၉ မှာ တပ်ကြပ်ကြီး၊ ရှမ်းမြောက်တိုက်ပွဲကို ပို့တဲ့အထဲမှာ ပါတယ်။ အခုထိ အဖမ်းခံရတာလား၊ ထွက်ပြေးသွားတာလား၊ သေလား ဆိုတာ မသိဘူး။ သေသွားပြီဆိုလည်း ပြောပြသင့်တယ်၊ ရက်လည်ဆွမ်းသွပ်လုပ်လို့ရအောင်။ အခုဟာက ဘာသတင်းမှမသိရဘူး။”
၁၀၂၇ စစ်ဆင်ရေးမှာ ရက္ခိုင့်တပ်တော် (အေအေ) က မြောက်ဦးမြို့အခြေစိုက် ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၃၇၇ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၃၇၈ ခြေမြန်တပ်ရင်း နှစ်ခုကို သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ စစ်တပ်က လက်အောက်ငယ်သားတွေရဲ့ အခြေအနေကို မထုတ်ပြန်ဘူးလို့ ခမရ ၃၇၈ မိသားစုဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော့်သားက ခမရ ၃၇၇ မှာ တာဝန်ကျတာ၊ အေအေနဲ့ တိုက်ပွဲဖြစ်တော့ စိတ်ပူလို့ နပခ ကို လှမ်းမေးတယ်၊ ဘလော့သွားတယ်။ နောက်မှသိတာ သေသွားပြီဆိုတာ။ မနေ့ကပဲ ရက်လည်ဆွမ်းသွပ် အိမ်မှာလုပ်လိုက်ရတယ်။”
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၄ မှာ တာဝန်ထမ်းနေတဲ့ အစ်ကိုဖြစ်သူ တိုက်ပွဲမှာ သေဆုံးသွားတဲ့သတင်းကို စစ်တပ်က အကြောင်းမကြားတဲ့အတွက် တလကြာမှ ရက်လည်ဆွမ်းသွပ် လုပ်ရတယ်လို့ ညီမဖြစ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဇန်နဝါရီလက ဆီဆိုင် ၄၂၃ ကျတယ်၊ လိုင်းပေါ်မှာတွေ့တယ်။ နောက်ရက် ၄၂၄ ထပ်ကျတယ်။ အစ်ကို့ကို စိတ်ပူလို့ လိုက်စုံစမ်းတယ်၊ မပြောဘူး။ ဖေဖော်ဝါရီ ၃ ရက်မှ သေတာသိတယ်။ သေတာတောင် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။”
ခြေမြန်တပ်မဌာနချုပ်၊ ခြေမြန်တပ်ရင်း၊ ခြေလျင်တပ်ရင်းက အရာရှိစစ်သည်တွေ စခန်းစွန့်ခွာ ထွက်ပြေးပါက ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို စာရင်းပေးရကာ ဒကကမှ တဆင့် ကက(ကြည်း)ရုံးကို အစီရင်ခံ တင်ပြရတာဖြစ်တဲ့အတွက် သေဆုံးမှုစာရင်းကို သိလျက်နဲ့ ထိန်ချန်ထားတာလို့ စစ်တပ်အသိုက်အဝန်းက ပြောပါတယ်။