ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်ဒဲန်နယ်မြေထဲမှာ ပြီးခဲ့တဲ့နှစ်က တရုတ်စီးပွါးရေးလုပ်ငန်းရှင် ၁ ဦးထံကနေ ဘတ်ငွေ ၁၀ သန်းငွေညှစ်ခဲ့တဲ့ ထိုင်းလဝက ( လူဝင်မှုကြီးကြပ်ရေးဌာန ) ရဲဝန်ထမ်း ၅ ဦးကို ဗဟိုတရားရုံးက ဖေဖော်ဝါရီ ၁၂ ရက်မှာ ထောင်ဒဏ် ၁၅ နှစ်စီကျခံစေဖို့ စီရင်ဆုံးဖြတ်ခဲ့ပါတယ်။
သူတို့ ၅ ဦးမှာ ဒုရဲအုပ်ရာထူးအဆင့်ရှိသူ ၂ ဦး ၊ ရဲအုပ် ၂ ဦး နဲ့ ရဲတပ်ကြပ်ကြီး ၂ ဦးတို့ပါဝင်ပြီး ဒီအမှုမှာကြံရာပါဖြစ်တဲ့ နောက်ထပ် အရပ်သား ၁ ဦးလည်း ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေးခံလိုက်ရပါတယ်။
တရုတ်နိုင်ငံသားတစ်ဦးဖြစ်တဲ့ နိုင်းချီ ဆိုသူမှာ ထိုင်းမှတ်ပုံတင်ကတ် ကိုင်ဆောင်ပြီး စီးပွားရေး လုပ်ကိုင်နေကြောင်း နိုင်းစူရချိုင်းဆိုသူက ထိုင်းလဝကရဲတွေကို တိုင်ကြားပြီး သူ့ထံကနေ ငွေညှစ်ယူဖို့ ကြံစည်ခဲ့ကြပါတယ်။
၂၀၂၃ မတ်လ ၁၀ ရက်မှာတော့ နိုင်းချီနဲ့ နားမီးရှဲ့လီဆိုတဲ့ ဘာသာပြန်ဝန်ထမ်းတို့ နှစ်ဦးဟာ ကိစ္စတစ်ခုနဲ့ အပြင်ထွက်စဉ် ထိုင်းလဝကရဲတွေက နောက်ကလိုက်လာပြီး မှတ်ပုံတင်တု ကိုင်ဆောင်တဲ့အကြောင်းနဲ့ စီးပွါးရေးကိစ္စအမှုဆက်မလိုက်စေချင်ရင် ဘတ်ငွေ ၁၀ သန်း လွှဲပေးဖို့ ပြောဆိုခဲ့ပါတယ်။
နိုင်းချီက သူ့ဆီမှာအဲလောက်များတဲ့ငွေတွေမရှိလို့ သားဖြစ်သူကို လှမ်းအကြောင်းကြား တာကြောင့် သားကလည်း ငွေတွေလွှဲပေးခဲ့ပါတယ်။
ရဲတွေငွေရသွားတာနဲ့ ဘာသာပြန်ဖြစ်သူက ဒင်ဒဲန်နယ်မြေရဲစခန်းမှာ သွားရောက် တိုင်ချက်ဖွင့်ထားပြီး သက်ဆိုင်ရာက အဆိုပါဝန်ထမ်းတွေကို ခေါ်ယူစစ်ဆေးပြီး ဇွန်လထဲအမှု ဖွင့်ကာ တရားရုံးကို ဆက်လက်တိုင်ကြားခဲ့ပါတယ်။
လဝကရဲ ၅ ဦးဟာ နိုင်ငံ့ဝန်ထမ်းဖြစ်ပြီး တပါးသူအားငွေညှစ်မှု၊ ဝန်ထမ်းကျင့်ဝတ် ဖောက်ဖျက်မှုတွေနဲ့ အရေးယူအပြစ်ပေးခံရတာဖြစ်ကာ နောက်အရပ်သား ၁ ဦးကတော့ ငွေညှစ်မှုမှာ ပူးပေါင်းကြံစည်မှုတွေနဲ့ အရေးယူခံရတာဖြစ်ပါတယ်။
ငွေညှစ်ခံရတဲ့ တရုတ်လုပ်ငန်းရှင် နိုင်းချီကတော့ ထိုင်းရဲတွေကို ဘတ် ၁၀ သန်းပေးပြီးတာနဲ့ တရုတ်ပြည်ကို ပြန်သွားခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: MGR Online