ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ပြည်ထောင်စုနေ့ အခမ်းအနား အကြိုအနေနဲ့ ဖေဖော်ဝါရီ ၁၁ ရက်က စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့က မီးပုံးပျံ လွှတ်တင်ရာက ပျက်ကျခဲ့တဲ့အတွက် တက္ကသိုလ်အရှေ့ဘက် တောင်ကုန်းပေါ်မှာ မီးလောင်ကျွမ်းခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မီးပုံးပျံကွင်းအနီးမှာ နေထိုင်တဲ့ မြို့ခံအမျိုးသားတဦးက “သူတို့ အခမ်းအနားဖွင့်ရင်းနဲ့ မီးပုံးပျံလွှတ်တာ၊ အပေါ်တောင် သိပ်မရောက်သေးဘူး၊ ကညနရုံးနားက တောင်ကုန်းမှာ ကျသွားတယ်။ မြက်တွေက အခုချိန်မှာ ခြောက်နေတော့ မီးတွေက စွဲစွဲပြီးလောင်သွားတာ။ ယမ်းတွေလည်း ပြင်းတယ်လေ။ အဲဒါနဲ့ တောင်တခုလုံး ကုန်သွားတာ” လို့ ပြောပါတယ်။
မီးပုံးပျံကျတဲ့ တက္ကသိုလ်အရှေ့ဘက် တောင်ကုန်းမှာ တောင်ပတ်ပတ်လည် မီးလောင်ကျွမ်းလို့ ပြည်နယ်မီးသတ်ရုံးကနေ မီးသတ်ကား ၅ စီးလွှတ်ပြီး မီးငြှိမ်းသတ်ခဲ့ပေမဲ့ တောင်ခြေနားကိုပဲ မီးငြှိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးငြိမ်းသတ်တဲ့နေရာမှာရှိနေတဲ့ မြို့ခံတဦးက “မနက်ရောက်ရင်တော့ အဲဒီနေရာ မည်းတူးသွားမှာ သေချာတယ်။ မီးသတ်ကားတော့ လာတယ်၊ တောင်ပေါ်က အမြင့်ကြီးကို သူ ဘယ်တက်နိုင်မှာလဲ။ အောက်နားက တက္ကသိုလ်အဆောင်တွေနားပဲ ရေလာဖျန်းလို့ရမှာ။ အပေါ်မှာတော့ တောမီးတွေလောင်သလို ဟုန်းဟုန်းနဲ့ နီရဲနေတာပဲ” လို့ ပြောပါတယ်။
မီးပြင်းထန်စွာ ကူးစက်လောင်ကျွမ်းတဲ့အတွက် တောင်ကြီးတက္ကသိုလ်ဝန်ထမ်းအဆောင်တချို့ ထိခိုက်မှုရှိနိုင်ကြောင်း မြို့ခံတွေက ပြောပါတယ်။
ပြည်ထောင်စုနေ့ အခမ်းအနားကို တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပတာဖြစ်ပြီး ပတ်ပတ်လည်မှာ စစ်တပ်အိမ်ရာ၊ တောင်ကြီးတက္ကသိုလ်နဲ့ ကညနရုံး၊ အဝေးပြေးယာဉ်လိုင်း ဂိတ်တွေ ရှိပါတယ်။