ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ၄၁ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း ငမိုးရိပ်ချောင်းဘေးမှာ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၇ နာရီလောက်က ပစ်ခတ်ဖို့ စီစဥ်ထားတဲ့ ၁၀၇ (မမ) ရှော့တိုက်ဒုံး ၃ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
မနေ့မနက် ၇ နာရီလောက်က ငမိုးရိပ်ချောင်းဘေးရှိ မြေကွက်လပ်မှာ မရမ်းကုန်းမြို့နယ် မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနဘက်ကို အချိန်ကိုက် ပစ်ခတ်ဖို့ စီစဥ်ထားတဲ့ ၁၀၇ (မမ)ရှောတိုက်ဒုံး ၃ လုံးကို အုပ်ချုပ်ရေးကတွေ့ရှိလို့ စစ်တပ်ကို ဖုန်းဆက် အကြောင်းကြားခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီ ကို ပြောပါတယ်။
"ငမိုရိပ်ချောင်းဘေးက လူမနေတဲ့ ခြံကွက်ထဲမှာတွေ့တာ။ မရမ်းကုန်း မိုးဇလဘက်ကို ပစ်ဖို့လုပ်ထားတာ ရှော့တိုက်ဒုံး ၃ လုံးကို တပ်ကပဲ အသက်မဲ့အောင်လုပ်ပြီး ယူသွားတယ်။”
ရှော့တိုက်ဒုံး ၃ လုံးဟာ တရုတ်နိုင်ငံထုတ်အမျိုးအစားဖြစ်ပြီး စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက အသက်မဲ့ပြုလုပ်ကာ သိမ်းဆည်းသွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"တပ်က လေဆိပ်နဲ့ လေတပ်ကို ပစ်ဖို့လုပ်ထားတာလို့ပြောတယ်။ ထွေအုပ်က မရမ်းကုန်းက မို/ဇလ ကိုပစ်ဖို့လုပ်ထားတယ်ဆိုပြီးပြောတယ်။ အဲ့ဒီရှောတိုက်ဒုံးတွေတပ်ကပဲ ယူသွားတာ။”
ရှော့တိုက်ဒုံးတွေ တွေ့ရှိပြီးနောက် မြောက်ဒဂုံမြို့နယ် ၄၁ ရပ်ကွက်အတွင်း စစ်တပ်က စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလကလည်း မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ဖို့ချိန်ရွယ်ထားတဲ့ ရှော့တိုက်ဒုံးတွေကို စစ်တပ်က သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ခဲ့ဖူးပါတယ်။