မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆိပ်သာရွာကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက ဆိပ်သာရွာမှာ ဖေဖော်ဝါရီ ၁၂ ရက် မနက်က ပြည်သူနှစ်ဦးကိုသတ်ပြီး ဆိပ်သာရွာက နေအိမ်ငါးလုံးကို မီးရှို့ခဲ့ပြီးနောက် ရွာထဲကပြန်ထွက်လာချိန် မနက် ၁၁ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ကနေ သိရပါတယ်။
စစ်ကောင်စီတပ်က ဖောကားသုံးစီးနဲ့ မတ္တရာကနေ ကျောက်တံတား၊ အင်းကုန်း၊ ဆိပ်သာကို ခန့်မှန်းအင်အား ၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာကာ အင်းကုန်းမှာ ၂၀ လောက်ချန်ပြီး ဆိပ်သာကို ၅၀ လောက် တက်လာပြီးနောက် ပြန်ချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မတ္တရာမျိုးမှန်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
“ငါးလုံးပြွန်ကိုဖြတ်ပြီး ကျောက်တံတားဘက်ကိုအလာမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ ဖောကားတွေကတော့ အမြင့်ကြီးတွေဆိုတော့ သုံးစီးမှာ နောက်ဆုံးတစီးကို တိုက်ရိုက်ထိတယ်။ မိုင်းက ဖောကားတွေရဲ့ ညာဘက်ကနေကွဲတယ်။ စကစက မတ်တပ်ရပ်ပြီး လိုက်လာတာဆိုတော့ သူတို့ဘက်က မိုင်းဆွဲခံရချိန်မှာ လဲကျသွားတယ်။”
ဆိပ်သာရွာကို ဖေဖော်ဝါရီ ၁၂ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်တပ်က စစ်ကြောင်းထိုး ဝင်လာပြီးနောက် အင်းကုန်းရွာသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ဓာတ်ဆီလောင်း မီးရှို့ဖို့လုပ်ပေမယ့် တဦး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
“တဦး လွတ်မြောက်သွားတော့ တဦးကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့သူကို သူတို့က မီးမရှို့တော့ဘဲ တံတောင်စစ်၊ ကျော၊ ခန္ဓာကိုယ်တော်တော်များများကို ဓားနဲ့လှီး နှိပ်စက်တယ်။ နောက် ဦးခေါင်းကိုတေ့ပြီး ပစ်သတ်လိုက်တယ်။ ဆိပ်သာက နောက်ထပ် အမျိုးသားတဦးလည်း သတ်ခံရတယ်။ သူ့ကိုလည် ဓားနဲ့မွှန်းပြီး နှိပ်စက်သတ်ဖြတ်သွားတယ်။”
ဆိပ်သာရွာမှာ အသတ်ခံရသူက ကိုနှင်း အသက် ၃၅ နှစ်နဲ့ ကိုဇော်မျိုးထက် အသက် ၂၈ နှစ်တို့ ဖြစ်တယ်လို့ သိရပြီး စစ်တပ်မီးရှို့တာကြောင့် နေအိမ် ၅ လုံး မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။