Home
မြန်မာသတင်း
မြေမြှုပ်မိုင်းနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအန္တရာယ်ကြောင့် ဒီးမော့ဆို စစ်ရှောင်များ အိမ်မပြန်သင့်သေး   
DVB
·
February 12, 2024
DeMawSo IDPs-17122023

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့ရဲ့ နေရာတော်တော်များများကို တော်လှန်ရေး တပ်ပေါင်းစုတွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းအန္တရာယ်အပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ စတဲ့ အန္တရာယ်တွေကြောင့် ဒေသခံတွေ နေအိမ်တွေမှာ ပြန်မနေသေးဖို့   Demoso  PDF က တိုက်တွန်းထားပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို ပြည့်ပြည့်ဝဝ စိုးမိုးထားနိုင်နေပြီး ဒီးမော့ဆိုမြို့နဲ့ အနီးတဝိုက်မှာ ခမရ ၄၂၇ နဲ့ ခလရ ၁၀၂ တပ်ရင်းစခန်း ၂ နေရာမှာပဲ စစ်ကောင်စီတပ်သားတွေ ကျန်ရှိနေတော့တာပါ။ 

၁၁၁၁ စစ်ဆင်ရေးစတင်ပြီး နှစ်ပတ်ခန့်အကြာ ဒီးမော့ဆိုမြို့တွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေ ဆုတ်ခွါသွားချိန်မှာ တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပြီး ဒေသခံတွေ နေအိမ်တွေကို ပြန်ပြီးစစ်ဆေးလို့ရအောင် လုပ်ဆောင်ပေးခဲ့ပေမဲ့ မြို့က ကျယ်ဝန်းပြီး အပြည့်အဝ မရှင်းနိုင်သေးတာကြောင့် အိမ်ပြန်နေဖို့ကို ခွင့်မပြုသေးတာလို့ ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေဘက်က လုံခြုံရေးအခြေအနေတွေကြောင့် လတ်တလော အိမ်ပြန်မနေသေးဖို့ ဒေသခံတွေကို တိုက်တွန်းထားပေမဲ့ စားဝတ်နေရေးကြောင့် လေယာဉ်၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေကြားကနေပဲ တချို့လည်း အရဲစွန့်ပြီး အိမ်ပြန်ဖို့ ကြိုးပမ်းနေကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ ဒါကြောင့် မြို့တွင်းက နေအိမ်တွေကို ပြန်ကြည့်တဲ့ ဒေသခံတချို့ မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။

ဒီးမော့ဆို တမြို့ထဲမှာပဲ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူဦးရေ ၅၀ ထက်မနည်းဟာ စစ်ကောင်စီရဲ့ မြေမြုပ်မိုင်းနဲ့ လက်နက်ကြီးတွေကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့နယ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဒေသခံတွေဟာ နေအိမ်တွေမှာ ပြန်နေနေကြပြီး နေအိမ်မပြန်နိုင်သေးတဲ့ ဒေသခံတွေ ပြန်နေနိုင်မယ့်အချိန်ကို အဖွဲ့ရဲ့ ပြန်ကြားရေးဌာန လူမှုကွန်ရက် စာမျက်နှာက နေတဆင့် ကြေညာပေးသွားမယ်လို့ Demoso PDF ကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024