မြန်မာနိုင်ငံက ထွက်ရှိတဲ့ ထောပတ်သီးကို အခုနှစ်မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ထိုင်းနိုင်ငံတခုတည်းသာ တင်ပို့နိုင်တော့တယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MAVO) ထံကနေ သိရပါတယ်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ မြန်မာနိုင်ငံ အနေအထားအရ အခုနှစ် ထောပတ်သီးရာသီမှာ မြန်မာနိုင်ငံကထွက်တဲ့ ထောပတ်သီး ၉၀ ရာခိုင်နှုန်းကျော်ကို ထိုင်းနိုင်ငံတခုတည်းသာ တင်ပို့သွားမှာဖြစ်တယ်လို့ MAVO အတွင်းရေးမှူး ကိုကျော်စိုးမင်းက ပြောပါတယ်။
“အခုလက်ရှိ ၉၀ ရာခိုင်နှုန်းက ထိုင်းပဲ တင်ပို့နေရတယ်။ လက်ရှိ နိုင်ငံအနေအထားအရ တခြားနိုင်ငံတွေ မပို့နိုင်ဘူး။ နောက်ပြီး လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် ထောပတ်သီးက ဈေးကောင်းမရဘူး။ လာမယ့်နှစ်အတွက်တော့ လမ်းပန်းဆက်သွယ်ရေး ကောင်းပြီး ဈေးကောင်းပြန်ရမယ်လို့တော့ မျှော်လင့်ပါတယ်။”
အခုနှစ် ထောပတ်သီးရာသီမှာ ထိုင်းနိုင်ငံကို မြန်မာ့ထောပတ်သီး (ဒေသအသီးနဲ့ ကိုင်းဆက်အသီး) တန်ချိန် ၂,၅၀၀ ခန့် တင်ပို့သွားမယ်လို့ သူက ဆက်ပြောပါတယ်။
၂၀၂၃ ခုနှစ် ထောပတ်သီးရာသီအစက ထောပတ်သီးတကီလိုကို ကျပ် ၆,၀၀၀ မှ ၇,၀၀၀ ကျော်အထိ ပေါက်ဈေးရှိပေမဲ့ အခုနှစ်မှာ ကျပ် ၃,၀၀၀ မှ ၄,၀၀၀ ကျော်သာ ပေါက်ဈေးရှိတယ်လို့ မြန်မာ့ထောပတ်သီး စိုက်ပျိုးရောင်းချတဲ့ အသင်းထံက သိရပါတယ်။
နိုင်ငံခြားဝယ်လက်တွေ မရှိတော့တာကြောင့် မနှစ်ကထက်တောင် ထောပတ်သီးဈေး ထက်ဝက်နီးပါး ကျဆင်းသွားတယ်လို့ ထောပတ်သီးစိုက် တောင်သူတဦးက ပြောပါတယ်။
“မနှစ်ကလည်း ဈေးက ထင်သလောက်မကောင်းဘူး။ ဒီနှစ်က ပိုဆိုးသွားတာပေါ့။ လမ်းတွေက သွားရလာရ မလွယ်တော့ ကွေ့ပတ်သွားနေရတဲ့အတွက် အချိန်ပိုကြာပြီး ဈေးကောင်းလည်း မရဘူး။ အခု ထောပတ်သီးတကီလို သုံးလေးထောင်ရတာ လုံးဝ အသန့်မှရတာ။ အများစုက တကီလို ၁,၀၀၀၊ ၁,၅၀၀ ပဲ ရကြတယ်။”
မြန်မာနိုင်ငံက ထောပတ်သီးတန်ချိန် ၁,၀၀၀ ကို ဝယ်ယူဖို့ ဇူလိုင်လမှာ အိန္ဒိယက ကမ်းလှမ်းထားပေမဲ့ လက်ရှိ လမ်းခရီးအခြေအနေကြောင့် ပို့နိုင်ခြင်းမရှိပါဘူး။
မြန်မာပြည်ထွက် ထောပတ်သီးကို တရုတ်၊ ထိုင်း၊ မလေးရှား၊ ယူအေအီး၊ စင်ကာပူ၊ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတို့ကို နှစ်စဉ်တင်ပို့တဲ့အပြင် မနှစ်က ပြင်သစ်နဲ့ နယ်သာလန်တို့ပါ စမ်းသပ်တင်ပို့ခဲ့ပါတယ်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှာ ထောပတ်သီးတန်ချိန် ၃,၀၀၀ အထိ ထွက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများအသင်း (MAVO) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာ ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းတောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ စိုက်ပျိုးကြပါတယ်။