Home
မြန်မာသတင်း
ခင်ဦး၊ သာဝတ္ထိရွာက မီး‌ဘေးသင့်ပြည်သူများကို စောင်၊ ခြင်ထောင်များ လှူဒါန်း
DVB
·
February 11, 2024
People Support KhinU 1_11022024
People Support KhinU 2_11022024
People Support KhinU 3_11022024
People Support KhinU 4_11022024

စစ်ကောင်စီတပ်က မီးရှို့ထားခဲ့တဲ့ ခင်ဦးမြို့နယ်၊ သာဝတ္ထိရွာက မီး‌ဘေးသင့်အိမ်ထောင်စု ၁၇၄ စုကို အလင်းသစ်ရောင်ခြည် ပရဟိတအဖွဲ့က စောင်၊ ခြင်ထောင်နဲ့  စားသောက်ကုန်တွေ ဖေဖော်ဝါရီ ၁၀ ရက်နေ့က လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သာဝတ္ထိရွာသူတယောက်က “ဒုက္ခရောက်နေတဲ့အချိန်လေး အခုလိုလာကူတော့ အဆင်ပြေရပါတယ်။ ကျေးဇူးလည်းအရမ်းတင်မိပါတယ်။ ကျမရွာကို စစ်ကောင်စီတပ်က အခုလို မီးရှို့လိမ့်မယ် မထင်ထားဘူး။ အဲလို မထင်ထားတော့ ပစ္စည်းတွေလည်း ဘာတခုမှ ယူပြီးထွက်ပြေးမလာခဲ့ရဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ထွက်ပြေးခဲ့တာ။ သူတို့ အခုလို ရွာကိုမီးရှို့သွားတော့ အကုန်ဒုက္ခရောက်ရတယ်။ နေစရာ၊ စားစရာ၊ ဝတ်စရာနဲ့ ခြုံစောင်တွေလည်း လိုအပ်နေတယ်။ အခုလို အလင်းသစ်ရောင်ခြည် ပရဟိတအဖွဲ့က လာလှူပေးတော့ အရမ်းကျေးဇူးလည်းတင်ပါတယ်။ အခုလို လှူဒါန်းလို့ ပြည့်စုံပြီလားဆိုတော့ ဘယ်ပြည့်စုံဦးမလဲရှင်။ ခြုံစရာစောင်မရှိလို့ မီးဖိုပြီး အိပ်နေကြရတဲ့ သူတွေလည်းရှိ နေသေးပါတယ်။ တတ်နိုင်သူတွေ လှူဒါန်းပေးကြပါဦး” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က သာဝတ္ထိရွာက ပြည်သူနေအိမ် ၁၆၈ လုံး၊ ကလုံရွာက ၁၈ လုံးနဲ့ စပါးတွေသိုလေှာင်ထားတဲ့ စပါးတိုက်တွေကိုပါ မီးရှို့ခဲ့တာပါ။

အလင်းသစ်ရောင်ခြည် ပရဟိတအဖွဲ့ တာဝန်ရှိသူ မနှင်းဆီက “ကျမတို့ သွားလှူတာက သာဝတ္ထိရွာက မီးဘေးသင့် အိမ်ထောင်စု ၁၇၄ စုကို လှူဒါန်းနိုင်ခဲ့တာပါ။ နောက်ထပ်လည်း ဒုက္ခရာက်နေတဲ့ ပြည်သူတွေလည်း ကျန်နေသေးတယ်။ အခုဟာက ကျွန်မတို့ဆီ လှူဒါန်းပေးတဲ့ အလှူရှင်တွေကိုယ်စား လှူဒါန်းပေးခဲ့တာပါ။ အရင်ရက်တွေကလည်း တဲစုရွာက စစ်ဘေးရှောင်‌တွေအတွက် ဆန်၊ ဆီတွေလည်း လှူဒါန်းတာတွေ လုပ်ခဲ့သေးတယ်။ အခုဟာကလည်း ကျမတို့ဆီမှာ အလှူခံလို့ရှိတဲ့ ငွေကြေးလေးကိုမျှပြီး လှူဒါန်းရတာပါ။ နောက်ထပ်လည်း အလှူရှင်တွေအနေနဲ့ ကျမတို့ ခင်ဦးမြို့နယ်က မီးဘေးသင့်၊ စစ်ဘေးသင့်တွေကို လှူဒါန်းကြပါဦး” လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က မကြာခဏဆိုသလို နယ်မြေရှင်းလင်းတယ် ဆိုပြီး စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေကြရသလို လူ‌နေအိမ်တွကိုလည်း စစ်ကောင်စီတပ်က အကြိမ်ကြိမ် မီးရှို့နေတာ ဖြစ်ပါတယ်။

ခင်ဦးမြို့နယ်အတွင်းမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီနေ့အချိန်အထိ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့လို့ ကျေးရွာပေါင်း ၇၀ က ပြည်သူတွေရဲ့ နေအိမ် ၈,၀၀၀ လောက် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံ စာရင်းကောက်ယူသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024