ဧရာဝတီတိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ဖမ်းဆီးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အကျပ်ကိုင် အဖမ်းခံခိုင်းတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ PDF တပ်ဖွဲ့ဝင် အမျိုးသား ၄ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်လာတယ်လို့ ထုတ်ပြန်တဲ့အပေါ် အခုလို တုန့်ပြန်ပြောဆိုလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဧရာဝတီတော်လှန်တပ်ဦး(ARF)ရဲ့ မြန်အောင်မြို့နယ်က တပ်ဖွဲ့ဝင် ၄ ယောက်ရဲ့ မိသားစုဝင်တွေကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ARF တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ARF အဖွဲ့ဝင် ၄ ယောက်ရဲ့မိသားစုဝင်တွေကို ဖမ်းဆီးအကျပ်ကိုင်ပြီး လာအဖမ်းခံခိုင်းလို့ သွားအဖမ်းခံတာကို အလင်းဝင်တယ်ဆိုပြီး စစ်ကောင်စီကဝါဒဖြန့်တာပါ” လို့ ပြောပါတယ်။
အဲဒီအပြင် ARF အဖွဲ့ဝင် နောက်ထပ် ၃ ယောက်ဟာလည်း ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကိုခံရပြီး စစ်ပိုင် (ခေါ်) ကိုပြည့်ရှန်အောင်ကတော့ ဇန်နဝါရီလ ၂၆ ရက်နေ့ ညပိုင်းမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက နေအိမ်တအိမ်မှာ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။
ARF တာဝန်ရှိသူတယောက်က “အလင်းဝင်တယ်လို့ ဖော်ပြခံရတာ ၄ ယောက်၊ အဖမ်းခံရပြီး သတင်းပျောက်နေတာ ၃ ယောက်ပေါ့။ ပဲခူးမှာ ပစ်ဖမ်းခံရတဲ့ ကိုပြည့်ရှန်အောင်ရဲ့ ခြေထောက်မှာတော့ ဒဏ်ရာရသွားတယ်လို့ကြားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံ ARF အဖွဲ့ဝင်တွေနဲ့ ဆက်စပ်တယ်လို့စွပ်စွဲပြီး မြန်အောင်မြို့နယ်က CDM ကျောင်းဆရာမ ဒေါ်ဆုမို့မို့ဇော်အပါအဝင် ဒေသခံ ၁၀ ယောက်ထက် မနည်းကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပြီး သတိထားနေထိုင်ကြဖို့ ARF က ဆိုပါတယ်။