အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟယ်လ်ဒ်ဝါနီမြို့မှာ ဒေသအာဏာပိုင်တွေက မဒရာဆာ အစ္စလာမ်မစ် ဘာသာရေးကျောင်းတကျောင်းကို ဖြိုဖျက်လို့ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပါတယ်။
မဒရာဆာဘာသာရေးကျောင်းကို ဖျက်ရမယ်လို့ ကြိုတင်အသိပေးထားတဲ့ နို့တစ်စာ ပေးထားပြီးတော့မှ ဖေဖော်ဝါရီ ၈ ရက်မှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ဘာသာရေးကျောင်းကို ရောက်ရှိလာခဲ့ကြတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ စာသင်ကျောင်း ဖြိုချတာကို ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ လူအုပ်က အာဏာပိုင်တွေကို ကျောက်ခဲတွေနဲ့ ဝိုင်းပစ်ပေါက်ကြပြီးတော့ မော်တော်ယာဉ်တွေကိုလည်း မီးရှို့ပစ်ခဲ့ကြတာပါ။
အကြမ်းဖက်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး တခြားလူ ၃ ဦးလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြတယ်လို့ ရဲမှူးကြီး ပရာလဒ် မီနာ က သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။
“သေဆုံးသူ နှစ်ယောက်ရဲ့ အလောင်းတွေကို ခွဲစိပ်စစ်ဆေးပြီး သေနတ်နဲ့ ကျည်ဆန်တွေကို ပစ်ခတ်တဲ့ ပမာဏကို စိစစ်နေပါတယ်။ ဒဏ်ရာအပြင်းအထန် ရရှိထားသူ သုံးယောက် ရှိပြီး သူတို့ထဲက တယောက် က သေနတ်ဒဏ်ရာ ရတာဖြစ်ပြီး ကျန်တဲ့ နှစ်ယောက်ရဲ့ ဒဏ်ရာရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး”လို့ ရဲမှူးကြီး မီနာ က ပြောပါတယ်။
လက်ရှိ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီး ဟယ်လ်ဒ်ဝါနီမြို့မှာ လုံခြုံရေးဝန်ထမ်း ၁၁၀၀ လောက်ကို တပ်စွဲထားတယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်မှုနောက်ပိုင်း ဈေးဆိုင်တွေ၊ ကျောင်းတွေနဲ့ ဈေးတွေကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။
Source/Photo-Reuters