ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့လို့ ရွာခံတွေ အကူအညီ လိုအပ်နေတယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
မတူပီမြို့နဲ့ ၆ မိုင်လောက်ဝေးတဲ့ ချန်းပြန်းရွာမှာ လူနေအိမ် ၆၀ ကျော်ရှိပြီး တရွာလုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် ညနေ ၆ နာရီက မတူပီ-ပလက်ဝ လမ်းမပေါ်မှာ တပ်စွဲထားတဲ့ ခလရ-၃၀၄ တပ်ရင်းကနေ ကျေးရွာတွေဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းက ချန်းပြန်းရွာကို မီးရှို့ခဲ့တာပါ။
ချန်းပြန်းရွာက မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူတွေဟာ ရွာနဲ့အနီးဝန်းကျင်မှာ ယာယီတဲတွေနဲ့ နေထိုင်နေကြရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း သိရပါတယ်။
မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက “အိမ်တွေကတော့ ပျက်စီးသွားတယ်။ အရင်ကတည်းက မြို့ပေါ်နဲ့ အရမ်းနီးတော့ လက်နက်ကြီးနဲ့ပစ်တော့ ရွာသားတွေက ရွာထဲမှာ မနေရဲတော့ တောထဲမှာပဲ နေကြတာ။ စားရေးသောက်ရေးကတော့ ပတ်ဝန်းကျင် အနီးအနားရွာက ပံ့ပိုးကူညီတာပဲရှိတယ်။ သူတို့က တောင်ယာလည်း စိုက်လို့မရတော့ စားဝတ်နေရေးပေါ့၊ ဆေးဝါးတွေလည်း လိုတယ်” လို့ ပြောပါတယ်။
ချန်းပြန်းရွာက မီးဘေးသင့်နဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၂၁ စုနဲ့ လူဦးရေ ၈၀ ကျော် ရှိတယ်လို့ မတူပီမြို့နယ် ပအဖအဖွဲ့ထံက သိရပါတယ်။