Home
နိုင်ငံတကာ
အမေရိကန် ဆန်ဒီယေဂိုတွင် ရဟတ်ယာဉ်ပျက်ကျပြီး မရိမ်းတပ်သား ၅ ဦး ပျောက်ဆုံးနေ
DVB
·
February 8, 2024
helicopter_0812024

အမေရိကန် မရိမ်းတပ်သားတွေ လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ဆီးနှင်းနဲ့ မိုးတွေ အသည်းအသန် ရွာချနေတဲ့ကြားမှာ ပျောက်ဆုံးသွားပြီးနောက် နာရီအတော်ကြာမှာတော့ ဆန်ဒီယေဂိုရဲ့အရှေ့ဘက် ဝေးလံခေါင်သီတဲ့ဒေသမှာ သူတို့ရဲ့ရဟတ်ယာဉ် အပျက်အစီးတွေကို ဖေဖော်ဝါရီ ၇ ရက်မှာ တွေ့ရှိခဲ့ပြီး မရိမ်းတပ်သား ၅ ဦးကတော့ ပျောက်ဆုံးနေပါတယ်။

CH-53E စူပါ စတယ်လီယန် ရဟတ်ယာဉ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ မီရာမာ ရပ်ကွက်ရှိ မရိမ်းတပ်ဖွဲ့ လေတပ်စခန်းကို ပြန်ရောက်ရှိလာဖို့ ပျက်ကွက်ခဲ့ကြောင်း သတင်းပို့ပြီးနောက် ၈ နာရီလောက်အကြာ ဒေသစံတော်ချိန် မနက် ၉ နာရီအချိန်မှာတော့ ပိုင်းန်ဗယ်လီအရပ်မှာ ရဟတ်ယာဉ်ကို အရပ်ဘက်အာဏာပိုင်တွေက တွေ့ရှိခဲ့ကြောင်း မရိမ်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမှတ် ၃ မရိမ်းလေယာဉ်တောင်ပံတပ်ဖွဲ့ဟာ ဆန်ဒီယေဂိုကောင်တီ အုပ်ချုပ်ရေးဌာနနဲ့ မြို့ပြလေကြောင်းကင်းလှည့်အဖွဲ့တို့နဲ့အတူ မရိမ်းတပ်သား ၅ ဦးကို ရှာဖွေကယ်ဆယ်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း မရိမ်းတပ်က ပြောကြားခဲ့ပါတယ်။

တပ်သားတွေဟာ ဖေဖော်ဝါရီ ၆ ရက် ညပိုင်းက လာ့စ်ဗီးဂတ်စ်မြို့ အနောက်မြောက်ဘက် မိုင် ၄၀ လောက်အကွာ နီဗားဒါးရှိ ခရိချ် လေတပ်အခြေစိုက်စခန်းမှအစပြုတဲ့ ပုံမှန်လေ့ကျင့်ရေး လေယာဥ်ပေါ်မှာ လိုက်ပါလာခဲ့ကြောင်း မရိမ်းတပ်က ပြောပါတယ်။

ဆန်ဒီယေဂိုကောင်တီ အုပ်ချုပ်ရေးဌာနဟာ ရဟတ်ယာဉ် ပျောက်ဆုံးနေကြောင်း သတင်းပေးပို့မှုကို မနက် ၁ နာရီမှာ ဖုန်းလက်ခံရရှိခဲ့ကြောင်း ပြောပါတယ်။

နှင်းရော မိုးရော ရွာချနေတာကြောင့် ရှာဖွေရေးမှာ သူ့ရဲ့ရဟတ်ယာဉ်တပ်ဖွဲ့ကို အသုံးပြုလို့ မရခဲ့ဘူးလို့ ဌာနရဲ့ X လူမှုကွန်ရက်မှာ ပို့စ်တင်ထားပါတယ်။

အဲဒီအစား ဧရိယာအားလုံးကို စေ့စေ့စပ်စပ် သွားရောက်နိုင်တဲ့ နေရာစုံသုံး မော်တော်ယာဉ်တွေကို ဖြန့်ကြက်ချထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024