မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာမှာ ပြည်သူ့စစ်ဖွဲ့ဖို့ စည်းရုံးရေးဆင်းနေတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နဲ့ ကော်မတီဝင်တဦး ဖေဖော်ဝါရီ ၆ ရက် နေ့လယ်က သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
"အိမ်အထဲထိ ဝင်ပစ်တာ၊ နှစ်ယောက်လုံး ထွက်ပြေးတယ် မလွတ်ဘူး၊ ရွာလယ်လမ်းမမှာတင် ပစ်ခံရတာ။ သူတို့နှစ်ယောက်လုံးကို ပစ်ပြီးပြန်သွားတာ၊ ရွာက ကြံ့ခိုင်ရေးအချို့ဆို ရှောင်နေပြီ။"
အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်သူ ဦးမွန်ကျော်နဲ့ ဦးနိုင်ဝင်း အပါအဝင် ကြံ့ခိုင်ရေးပါတီဝင်အချို့ဟာ တံတားဦးမြို့နယ် ပြည်သူ့စစ်အဖွဲ့ဝင်တိုးရေးအတွက် လိုက်လံစည်းရုံးနေစဉ် လာရောက်ပစ်ခတ်သွားတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"သူတို့ပြည်သူ့စစ်ဖွဲ့ဖို့လူစုနေတာ သတင်းပေါက်သွားလို့ အသတ်ခံရတာ။ လာပစ်တော့ ထွက်ပြေးတယ်မလွတ်ဘူး၊ ဧရာဝတီမြစ်ကို စက်လှေနဲ့ဖြတ်ပြီးလာပစ်တာ။"
အဆိုပါပစ်ခတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်၊ ရဲနဲ့ တံတားဦးပြည်သူ့စစ်အဖွဲ့တွေက ပေါက်မြိုင်ကျေးရွာနဲ့ အနီးတဝိုက်မှာ စစ်ကြောင်းထိုးရှာဖွေခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း တံတားဦးမြို့နယ်မှာ စစ်ကောင်စီ သတင်းပေးတွေ၊ အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးပါတီဝင်အချို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိပါတယ်။