ရန်ကုန်၊လှိုင်သာယာမြို့ ရွှေသံလွင်စက်မှုဇုန်မှာရှိတဲ့ LIANFA Myanmar Industrial အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၀၀၀ ကျော်ဟာ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ပြောပါတယ်။
လှိုင်သာယာမြို့ ရွှေသံလွင်စက်မှုဇုန် အမှတ် ၈၂ မှာရှိတဲ့ LIANFA အထည်ချုပ်စက်ရုံဟာ ၂၀၂၃ မေလက စဖွင့်ခဲ့တာဖြစ်ပြီး စက်ရုံစဖွင့်ကတည်းက အလုပ်သမား ၁၀၀၀ ကျော်ဟာ အလုပ်သမားအခွင့်ရေး များစွာ ချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေကို တနေ့ကို ကျပ် ၅၆၀၀ ကျပ်ပေးပေမဲ့ ပိတ်ရက်တွေမှာ ကျပ် ၄၈၀၀ သာ ပေးတာ၊ OT မဆင်းရင် ဖယ်ရီမစီစဉ်ပေးတာ၊ OT ညလုံးပေါက် ရက်ဆက်ဆင်းခိုင်းတာ၊ ရက်ပျက်ရင် ကျွမ်းကျင်ကြေးလျော့တာနဲ့ ရာထူးချတာ၊ ဝန်ထမ်းစာချုပ် အလုပ်သမားကို မပေးတာ၊ တချို့ဝန်ထမ်းတွေကို အလုပ်သမားစာချုပ် မချုပ်တာနဲ့ OT ဆင်းချိန် ရေလုံပြုတ်သာ ကျွေးတာ စတဲ့ အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်။
STUM တာဝန်ရှိသူတဦးက "အခုအလုပ်သမားတွေက အလုပ်သမားသမဂ္ဂဖွဲ့စည်းနေပါပြီ။ ဒီကိစ္စတွေက တဦးနှစ်ဦးတည်းလုပ်ရင် နစ်နာခ သူတို့ပြန်ရနိုင်ပေမယ့် အဲ့ဒီအလုပ်သမားကို အငြိုးထားပြီး အလုပ်သမားကို အလုပ်ထုတ်မှာပဲ။ စက်ရုံတရုံလုံးနဲ့ သက်ဆိုင်တဲ့အတွက် ဒီကိစ္စကို တရုံလုံးရင်ဆိုင်မှ အဆင်ပြေမှာပါ။ စက်ရုံက ဂျာမနီ brand တွေ ချုပ်တဲ့ အထည်ချုပ်စက်ရုံပါ" လို့ ပြောပါတယ်။
အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားခဲ့ဖူးပြီး ဝန်ကြီးဌာနက လာရောက်စစ်ဆေးခဲ့ပေမဲ့ အရင်တိုင်တဲ့ကိစ္စတွေ ဖြေရှင်းလို့ မပြီးသေးခင်မှာပဲ ထပ်မံပြီးကျူးလွန်နေတာလို့ သူကဆက်ပြောပါတယ်။
အလုပ်သမား ၁၀၀၀ ကျော် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုနဲ့ပတ်သက်ပြီး LIANFA Myanmar Industrial အထည်ချုပ်စက်ရုံကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်တဲ့အတွက် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရွှေပြည်သာမြို့ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ LIANFA Myanmar Industrial အထည်ချုပ်စက်ရုံကို မတ်လက ပိတ်သိမ်းခဲ့ပြီးနောက် မေလအတွင် လှိုင်သာယာမြို့ ရွှေသံလွင်စက်မှုဇုန်မှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ ပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။