ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်၊ ဥယျာဉ်လမ်းမှာ ဖေဖော်ဝါရီ ၆ ရက် ည ၁၁ နာရီ မိနစ် ၅၀ လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်နဲ့အဆောက်အအုံ ၁၀ လုံးကျော် ဆုံးရှုံးခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။
ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ လမ်းအတွင်းရှိ ငါးမုန့်ကြော်လုပ်ငန်းအိမ်ကနေ မုန့်လုပ်နေရင်း စတင်လောင်ကျွမ်းတာလို့ သိရပြီး အရက်ဆိုင် ၁ ဆိုင်၊ ဧည့်စာရင်းလက်ခံရုံးခန်း ၁ ခုနဲ့ တထပ်နေအိမ် ၈ လုံးကျော်ကိုပါ မီးကူးစက်ခဲ့တာဖြစ်ပါတယ်။
မီးလောင်မှုနေရာကို လှိုင်သာယာမြို့နယ်မီးသတ်က မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီးနဲ့ အရပ်ဘက်အသင်းတွေက လာရောက်ငြှိမ်းသတ်ခဲ့ကြပြီး မီးတောက်အားကောင်းနေတာကြောင့် ည ၁၁ နာရီ ၅၈ မိနစ်မှာ ထိစပ်မြို့နယ်တို့က Level 1 ယာဉ်အုပ်စုတွေ လာရောက်ငြှိမ်းသတ်ခဲ့ကြပါတယ်။
မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက “လောင်သွားတဲ့အိမ်တွေက လုံးချင်းအိမ်လေးတွေပါ။ အရက်ဆိုင်နဲ့ ဧည့်စာရင်းရေးတဲ့နေရာ တခုပါတယ်။ အရန်မီးသတ်ထဲကပဲ လက်နဲ့ ခြေထောက်ပြတ်ရှ ဒဏ်ရာရသွားသူတွေ ရှိတယ်။ မီးလောင်သွားတဲ့ အိမ်တွေကလူတွေကိုတော့ ရပ်ကွက်ရုံးမှာ ခေါ်ထားတာမျိုး ရှိတယ်” လို့ ပြောပါတယ်။
မီးလောင်မှုအတွင်း မီးငြှိမ်းသတ်ရေး အရန်မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး ပြတ်ရှမစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပြီး နေအိမ်အဆောက်အဦ ပျက်စီးမှုတန်ဖိုးနဲ့ မီးလောင်ရတဲ့ အကြောင်းအရင်းအမှန်ကို သက်ဆိုင်ရာမီးသတ်က စစ်ဆေးတွက်ချက်နေဆဲဖြစ်ပါတယ်။
မီးသတ်နဲ့ အရပ်ဘက်အသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တာကြောင့် မနက်အစောပိုင်း ၁၂ နာရီ ၁၀ မိနစ်မှာ မီးထိန်းနိုင်ပြီး ၁၂ နာရီ ၁၅ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။