Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၁ လအတွင်း သဘာဝဘေး ၇၆ ကြိမ်ဖြစ်ခဲ့ပြီး လူ ၃၀၀ ကျော် ထိခိုက်
DVB
·
February 7, 2024
Aya 722024

ဧရာဝတီတိုင်းမှာ အခုနှစ် ဇန်နဝါရီလအတွင်း လေပြင်းတိုက်၊ ကမ်းပါးပြိုတာအပါအဝင် သဘာဝဘေး ၇၆ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ လူအယောက် ၃၀၀ ကျော် သဘာဝဘေးဒဏ် ခံစားခဲ့ရတယ်လို့ သဘာဝဘေးကာကွယ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ တလတာ ကာလအတွင်း ဧရာဝတီတိုင်းထဲက ပုသိမ်၊ လပွတ္တာ၊ မြောင်းမြ၊ ဖျာပုံနဲ့ ဟင်္သာတခရိုင် စတဲ့ခရိုင်တွေထဲက မြို့နယ်တွေနဲ့ မြို့နယ်ခွဲတွေမှာ သဘာဝဘေးအန္တရာယ်တွေ  အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းက သဘာဝဘေးကာကွယ်ရေးလုပ်နေသူ တဦးက “သဘာဝဘေးအန္တရာယ် ခံစားခဲ့ရတဲ့သူတွေကို သက်ဆိုင်ရာက ကူညီထောက်ပံ့ရေးတွေ လုပ်ပေးမှု အရမ်း အားနည်းတယ်။ သဘာဝဘေးအန္တရာယ်တွေက ဇန်နဝါရီလ အတွင်းမှာတော့ လေပြင်းဘေးနဲ့ ကမ်းပြိုဘေး အဖြစ်များခဲ့တယ်။ မီးဘေးနဲ့ တောဆင်ရိုင်းဘေး၊ မိုးကြိုးဘေးတွေလည်း ဖြစ်ပွားခဲ့တယ်။ လေပြင်းဘေးကြောင့် သစ်ပင်လဲကျလို့ ၇ ဦး ဒဏ်ရာရရှိခဲ့သေးတယ်” လို့ ပြောပါတယ်။

သဘာဝဘေးဖြစ်စဉ်တွေကြောင့် လုံးဝပျက်စီး သွားတဲ့ လူနေ အိမ်တွေနဲ့ တစိတ်တပိုင်း ပျက်စီးခဲ့ရတဲ့ နေအိမ်တွေလည်းရှိခဲ့ပြီး ကမ်းပြိုကျလို့ အရေးပေါ်ဖျက်သိမ်းကာ ဘေးလွတ်တဲ့နေရာကို ပြောင်း ရွှေ့ခဲ့ရတဲ့ နေအိမ်တွေလည်း ရှိခဲ့ပါတယ်။

ပန်းတနော်မြို့နယ်က ဘေးသင့် ဒေသခံ တယောက်က ''မြစ်ရေတိုက်စားလို့ ကမ်းပြိုကျပြီး ကမ်းစပ်တလျောက်က အိမ်တွေ ရွှေ့ခဲ့ရတာပါ။ မကြာခဏကမ်းပါးပြိုကျတာတွေဖြစ် နေတယ် ဘယ်တာဝန်ရှိသူမှ လာထောက်ပံ့ဖို့မပြောနဲ့ လာတောင်မစစ်ဆေးပါဘူး။ ကမ်းပြို ကာကွယ်ရေးကို ကာကွယ်မှု ကြိုကြိုတင်တင် မလုပ်ဖူးဆိုရင်လည်း အခြေအနေကပိုဆိုးမှာ” လို့ ပြောပါတယ်။

ဒီဒေသမှာ တလအတွင်းဖြစ်ပွားခဲ့တဲ့ သဘာဝဘေး အန္တရာယ်တွေကတော့ လေပြင်းဘေး ၃၃ ကြိမ်၊ ကမ်းပြိုဘေး ၃၉ ကြိမ်၊ မီးဘေး ၂ ကြိမ်၊ တောဆင် ရိုင်းဘေး ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024