တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်ရှိ ကက်လေယန်းတရားရုံးရှေ့မှာ ဖေဖော်ဝါရီ ၆ ရက်က အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတခုအတွင်း အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ သေနတ်သမား ၂ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် လူ ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
သေနတ်သမား ၂ ယောက်ဟာ လက်ဝဲဝါဒီ DHKP-C စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွှယ်နေတယ်လို့ တူရကီပြည်ထဲရေးဝန်ကြီး အလီယာလီကာယာက ဆိုရှယ်မီဒီယာပလပ်ဖောင်း X မှာ ရေးသားထားပါတယ်။
သေဆုံးသွားပြီဖြစ်တဲ့ E.Y. နဲ့ P.B. အမည်ရှိ သစ္စာဖောက် နှစ်ယောက်ဟာ DHKP/C အကြမ်းဖက်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဝန်ကြီး အလီယာလီကာယာက ပြောပါတယ်။
သေနတ်သမားတွေဟာ အမျိုးသမီး တယောက်နဲ့ အမျိုးသားတယောက်ဖြစ်ပြီး သူတို့ဟာ ဗဟိုတရားရုံးအနီးရှိ ရဲစစ်ဆေးရေးဂိတ်ကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အစိုးရရှေ့နေတွေဟာ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ထားကြောင်း တရားရေးဝန်ကြီး ယီလ်မက်ဇ် တွန့်ချ်က ပြောပါတယ်။
Source/Photo-Reuters