ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တပ်အတွင်းမှာ ပြည်သူ့စစ်သင်တန်းဆင်း ၃၀၀ ကျော်ကို ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက လက်နက်တွေ ပေးအပ်ခဲ့တယ်လို့ စစ်မှုထမ်းဟောင်းတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၅ ရက် မနက်က ပြည်သူ့စစ်သင်တန်းဆင်းတွေကို ကာဘိုင်လက်နက်နဲ့ မောင်းပြန် MA-11 သေနတ်တွေကို ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး တေဇာကျော်တို့က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းဟောင်း မိသားစုဝင်တဦးက “သင်တန်းဆင်းတွေကို လက်နက်ပေးအပ်ပွဲလုပ်တာ။ လက်နက်ပေးအပ်ပွဲဆိုပေမဲ့ သူတို့လိုအပ်တဲ့အချိန် ခေါ်တာနဲ့ ဒါတွေရမယ်ပေါ့ဗျာ။ လက်ရှိမှာတော့ ကိုယ့်နေရာကိုယ် ပြန်နေရတာပေါ့။ နေရာနဲ့ လစာပေးထားတာမျိုးတော့ မဟုတ်ဘူး။ အင်အားများအောင် စစ်မှုထမ်းဟောင်းတွေကိုခေါ်ပြီး ပွဲတက်ခိုင်းတာပါ” လို့ ပြောပါတယ်။
ပြည်သူ့စစ်သင်တန်းကို မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်း ၄၅ ရက်ပေးအပြီးမှာ လက်နက်ပေးအပ်ပွဲ ကျင်းပခဲ့ပြီး မဲနှိုက်စဉ်က လစာပေးမယ်ဆိုပြီး ပြောထားပေမဲ့ အခုအချိန်ထိ လစာပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
လက်နက်ပေးအပ်ပွဲမှာ ပြည်သူ့စစ်သင်တန်းဆင်းသူ ၈၀ ဝန်းကျင်ခန့်သာရှိပြီး ပန်းတောင်းမြို့နယ်နဲ့ ဥသျှစ်ပင်မြို့နယ်တွေကနေ တလ ၁၄၀,၀၀၀ ပေးမယ်ဆိုပြီး မဲနှိုက်ရွေးချယ်ထားသူတွေ ဖြစ်တယ်လို့ စစ်မှုထမ်းဟောင်းတွေဆီက သိရပါတယ်။
လက်နက်ပေးအပ်ပွဲကို အင်အားအများအပြားနဲ့ ပြုလုပ်နိုင်ဖို့ ပြည်ခရိုင်အတွင်းက စစ်မှုထမ်းတွေကို စစ်ယူနီဖောင်းဝတ်ခိုင်းပြီး လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။