ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း နေ့စဥ်နီးပါးဆိုသလို တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် လူနေအိမ်တွေ ထပ်မံမီးလောင်ခဲ့ကာ လမ်းမီးတိုင်တွေလည်း ပျက်စီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ကော့ကရိတ်မြို့၊ အမှတ် ၆ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီး၊ မြို့မဘုန်းကြီးကျောင်းအနီး၊ တယ်လီနောရုံးအရှေ့မှာ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက ကော့ကရိတ်မြို့တွင်းကို သွယ်တန်းထားတဲ့ ဓာတ်မီးတိုင်တွေ ထက်ပိုင်းကျိုးကျပြီး လမ်းပေါ်လဲကျခဲ့တယ်လို့ အမှတ် ၂ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“မနေ့တုန်းကလည်း အမှတ် ၂ ရပ်ကွက်ထဲက ဓမ္မရာမကုန်းနားကို ဗုံးကျတာ။ အိမ်တွေ မီးထပ်လောင်တယ်။ နောက်ပြီး ရှမ်းပိုင်းက လူနေအိမ်တွေလည်း မီးလောင်တယ်။ တယ်လီနောရုံးရှေ့က လမ်းပေါ်ကျိုးကျနေတဲ့ ဓာတ်မီးတိုင်တွေဆိုရင် ရှင်းလို့တောင် မပြီးသေးဘူး။ မီးလည်းဖြတ်ထားတော့ ဒုက္ခရောက်တာပေါ့။”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကစပြီး ကော့ကရိတ်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို KNU, PDF ပူးပေါင်းအဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ရာက ဒီကနေ့အထိ အပြန်အလှန် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ကော့ကရိတ်မြို့ထဲက စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေကို KTLA/PDF ပူးပေါင်းအဖွဲ့တွေက လာရောက်တိုက်ခိုက်ရာမှာ မြို့အဝင်က စစ်ကူတွေ မလာရောက်နိုင်ဖို့အတွက် မြို့တွင်းရှိ ဓာတ်မီးတိုင်တွေကို လှဲချပြီး လမ်းပိတ်ထားတာဖြစ်ကြောင်းနဲ့ မြို့တွင်းလမ်းတလျှောက် မိုင်းတွေထောင်ထားခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် သတင်းတွေမှာ ရေးသားထားတာပါ။
ကော့ကရိတ်မြို့ပေါ်မှာ နှစ်လကျော်ကြာ တိုက်ပွဲတွေကြောင့် မီးလောင်ကျွမ်းမှု ၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။