နော်ဝေနိုင်ငံအခြေစိုက် နိုင်ငံပေါင်းစုံ တယ်လီကွန်ဆက်သွယ်ရေး လုပ်ငန်းစုဖြစ်တဲ့ တယ်လီနောဟာ ကမ္ဘာ့တောင်ဘက်အကျဆုံး မိုဘိုင်းလ်ဖုန်း အခြေစိုက်စခန်းကို အန္တာတိကတိုက်မှာ ဖေဖော်ဝါရီ ၅ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
အေးခဲနေတဲ့ တိုက်ကြီးရဲ့ တထောင့်တနေရာဆီကို ပုံမှန် ဆဲလ်ဖုန်းဝန်ဆောင်မှုတွေ ပထမဆုံး အကြိမ် ပို့ဆောင်ပေးခဲ့ပါတယ်။
ဝေးလံခေါင်သီတဲ့ ထရိုး သုတေသနဌာနနဲ့ ပတ်ဝန်းကျင်ကို လွှမ်းခြုံထားတဲ့ 4G ဝန်ဆောင်မှုအသစ်ဟာ သိပ္ပံပညာရှင်တွေနဲ့ ဝန်ထမ်းတွေအတွက် လုံခြုံရေးကို မြှင့်တင်ပေးမှာဖြစ်ပြီး သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ စုဆောင်းတင်ဆောင်တဲ့ အင်တာနက်သုံးစွဲမှုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို သုံးနိုင်စေလိမ့်မယ်လို့ တယ်လီနောက ပြောပါတယ်။
နော်ဝေဂျီယံ ပိုလာ တက္ကသိုလ်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ထရိုး သုတေသနဌာနဟာ ရေခဲမြစ်တွေနဲ့ ဘူမိဗေဒလေ့လာခြင်းကနေ ရာသီဥတုနဲ့ ဓာတ်ရောင်ခြည်ဖြာထွက်မှုအထိ အချက်အလက်တွေကို တနှစ်ပတ်လုံး သုတေသနပြုရင်း စုဆောင်းနေပါတယ်။
တယ်လီနောဟာ မကြာသေးမီက ကမ္ဘာ့ မြောက်ဘက်စွန်းက အာတိတ်ဒေသအတွင်း စဗားလ်ဘာ့ဒ်ကျွန်းစုမှာရှိတဲ့ နီအော်လစ်ဆင် ရပ်ကွက်မှာ မိုဘိုင်းတာဝါတိုင်တွေ တည်ထောင် ဖြည့်ဆည်းပေးခဲ့အပြီး ဒီဝန်ဆောင်မှုအသစ်ကို ဆောင်ရွက်ခဲ့တာလို့ တယ်လီနောရဲ့ အမှုဆောင်အရာရှိ ခရစ်စီယံ စကော့တွန်က ပြောခဲ့ပါတယ်။
ဝင်ရိုးစွန်းဒေသမှာသုံးတဲ့ မိုဘိုင်းလ်ဖုန်းနည်းပညာဟာ တခြားနေရာတွေမှာ သုံးတဲ့ နည်းပညာနဲ့ တူပေမဲ့ စက်ပစ္စည်းတွေကိုတော့ မြန်နှုန်းမြင့် လေတိုက်နှုန်းနဲ့ အပူချိန်နိမ့်ကျမှုကနေ ကာကွယ်ဖို့ အထူးပြင်ဆင်ထားတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
Source/Photo-Reuters