မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးစနစ်နဲ့ ငြိမ်းချမ်းရေး တိုးတက်ထွန်းကားဖို့အတွက် မြန်မာပြည်သူလူထုရဲ့ အသံကို ဂရုတစိုက်နားထောင်ပြီး သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဆွေးနွေးကာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာစေဖို့ ဆက်လုပ်ဆောင်သွားမယ်လို့ ဂျပန် နိုင်ငံခြားရေး ဒု-၀န်ကြီး ကိုမူရာ မာဆာဟီရိုက ပြောပါတယ်။
နိုင်ငံခြားရေးဒု-၀န်ကြီးဟာ ဂျပန်နိုင်ငံရောက် မြန်မာအသိုက်အဝန်းနဲ့ ဖေဖေါ်ဝါရီ ၅ ရက်က တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးရုံးမှာ လက်ခံတွေ့ဆုံစဉ် ပြောဆိုခဲ့တာလို့ တွေ့ဆုံရာမှာပါဝင်တဲ့ ကိုသန့်ဇော်ထက်က ဒီဗွီဘီကို ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီလက်ထက် မြန်မာပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု ဖြစ်စဉ်တွေကို စုစည်းတင်ပြထားတဲ့ အစီရင်ခံစာကို မြန်မာရေးလှုပ်ရှားသူတွေက ပေးအပ်ခဲ့ရာမှာ ဂျပန်နိုင်ငံခြားရေး ဒုဝန်ကြီးက လက်ခံရယူခဲ့တယ်လို့ လည်းဆိုပါတယ်။ ဒီအစီရင်ခံစာကို ဂျပန်လွှတ်တော်အမတ်တွေကလည်း ထောက်ခံ လက်မှတ်ထိုးထားပေးထား တယ်လို့လည်း သိရပါတယ်။
မြန်မာစစ်တပ်အနေနဲ့ လေကြောင်းက ဗုံးကြဲတာအပါအဝင် မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ပေးဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရေး စတင်ခြင်းဖြင့် ငြိမ်းချမ်းစွာပြဿနာဖြေရှင်းရေး လုပ်ဆောင်ဖို့ အလေးအနက် တောင်းဆိုကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါ ၁ ရက် စစ်အာဏာသိမ်း ၃ နှစ်ပြည့်မှာ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေ တနှစ်ထက်တနှစ် ပိုမို ဆိုးရွားလာနေတာကို လေးလေးနက်နက် စိုးရိမ်ပူပန်နေကြောင်းနဲ့ မြန်မာစစ်တပ်က ငြိမ်းချမ်းစွာပြဿနာဖြေရှင်းဖို့အတွက် လုပ်ကိုင် ဆောင်ရွက်ခြင်းမရှိဘဲ အရေးပေါ် အခြေအနေ ကြေညာချက်ကို ထပ်ခါထပ်ခါ ထုတ်ပြန် သက်တမ်းတိုးနေတာ၊ လေကြောင်းမှဗုံးကြဲတိုက်ခိုက် အကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူ အမြောက်အမြား နေ့စဉ် သေကျေပျက်စီးနေရတာကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတယ်လို့ ဂျပန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဂျပန်အစိုးရရဲ့ ရပ်တည်ချက်ဟာ အဆိုပါ ထုတ်ပြန်ချက်ကို လက်ကိုင်ထားကြောင်း ဂျပန်ဒုဝန်ကြီးက ရှင်းပြခဲ့တယ်လို့ တွေ့ဆုံရာမှာ ပါဝင်ခဲ့သူက ပြောပါတယ်။
အဓိက ပြည်တွင်းပြည်ပမှာရှိတဲ့ မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ တော်လှန်ရေးအင်အားစု အသီးသီးရဲ့ ဇွဲရှိမှု အနစ်နာခံမှုတွေ တော်လှန်ရေးရေချိန် ပြောင်းလဲမှုတွေကြောင့် အခုလို ဂျပန်အစိုးရရဲ့ သဘောထား မြန်မာနိုင်ငံ အပေါ်ရပ်တည်မှု အခုလိုရှိလာတာ ဖြစ်နိုင်တယ်လို့ တွေ့ဆုံပွဲမှာပါဝင်တဲ့ ကိုသန့်ဇော်ထက်က ပြောပါတယ်။
ဇော်ဇော်လှိုင်