တနင်္သာရီတိုင်း၊ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ အမှတ် ၁ ဘောတံတားမှာ ဖေဖော်ဝါရီ ၆ ရက် မနက် ၁၁ နာရီခွဲလောက်က ကုန်တင်စက်လှေ တစီး မီးလောင်မှုဖြစ်ပွားပြီး ကုန်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ မြိုခံတွေထံက သိရပါတယ်။
မြို့ခံတစ်ဦးက“လောင်စာဆီဖြည့်ရင်းကနေ မီးလောင်တယ်လို့ ပြောကြတယ်။ ရေကလည်းကျနေချိန်ဖြစ်တော့ နံဘေးက တင်နေတဲ့ လှေတွေမှာရော မီးနည်းနည်းကူးသွားတယ်”လို့ ပြောပါတယ်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်ထဲက ပြည်သူတွေ ပူးပေါင်းပြီး ငြှိမ်းသတ်ခဲ့ရာမှာ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်လောက်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်သမားတွေဆီက သိရပါတယ်။
မီးသတ်သမားတဦးက “ကျနော်တို့ကတော့ မီးကို Level 2 လောက်သတ်မှတ်ထားတယ်။ မီးသတ်ကား ၈ စီးလောက်နဲ့ ငြှိမ်းလိုက်ရတယ်။ မီးသတ်ဌာနတွေဆို ဗဟို၊ ထားဝယ်စု၊ နောက်လယ်၊ လယ်ကျွန်းနဲ့ တခြားရပ်ကွက်က မီးသတ်ကားတွေလည်း လာငြှိမ်းကြတယ်”လို့ ပြောပါတယ်။
အဆိုပါမီးလောင်မှုကြောင့် လူတွေ ထိခိုက်သေဆုံးတာမရှိပေမဲ့ ကုန်တင်လှေတစီးနဲ့ အထဲမှာပါတဲ့ ကုန်ပစ္စည်းတွေ မီးထဲပါသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
လှေမှာကုန်တင်ထားတဲ့ မြို့ခံတဦးက “ကျတော်သွားကြည့်တဲ့အချိန်မှာ တခြားလှေတွေဆီ မီးနည်းနည်းကူနေပြီ။ အိမ်ကလှေမှာ ဆန်နဲ့ ပိုက်တွေတင်ထားတော့ ဆုံးရှုံးမှုတန်ဖိုး သိန်း ၂၀ လောက်ရှိတယ်”လို့ ပြောပါတယ်။
မြိတ်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်၊ ည ၇ နာရီလောက်ကလည်း ဝါယာကြိုးရှော့ဖြစ်ပြီး ထားဝယ်စုရပ်ကွက်ရှိ နေအိမ်တဆောင်မီးလောင်ခဲ့သလို ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲလောက်ကလည်း ဝန်ထမ်းရပ်ကွက်ရှိ နေအိမ် ၃ လုံး မီးလောင် ခဲ့ပါတယ်။