Move Forward ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်အပါအဝင် ၈ ဦးကို ထိုင်းတရားရုံးက ထောင်ဒဏ် ၄ လ ဆိုင်းငံ့ ၂ နှစ်နဲ့ ငွေဒဏ် ဘတ် ၁၀၂၀၀ စီ ချမှတ်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က မြို့တော်ဘန်ကောက်မှာ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ပထုမ်းဝမ်းနယ်မြေတရားရုံးက ဖေဖော်ဝါရီ ၅ ရက်နေ့မှာအမှုကို ကြားနာစစ်ဆေးပြီးနောက် က
အနာဂတ်သစ်ပါတီ ( FFP ) ခေါင်းဆောင် နိုင်းထနားထွဏ်း ကျစ်ရုန့်ရိန်းကစ်၊ နိုင်းပီယပွတ် ဆိုင်ကနုတ်ကွန်း၊ နန်းဆောင်ချော့ဖာနိကာ၊ ထိမ်းဖိထား လိုမ့်ကျရွန်းရတ် ( လက်ရှိ MFP ပါတီခေါင်းဆောင်) နဲ့တကွ စုစုပေါင်း ၈ ဦးကို ပြစ်ဒဏ်တွေချမှတ်လိုက်တာဖြစ်ပါတယ်။
သူတို့တွေဟာ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်က ဘန်ကောက် ပထုမ်းဝမ်းနယ်မြေ Sky Work ဘူတာအနီး “ နောက်မဆုတ် အရှုံးမပေး ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆန္ဒပြမှုမှာ ဦးဆောင်ခဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။
ဆန္ဒပြမယ့်အကြောင်း သက်ဆိုင်ရာထံ ကြိုတင် ခွင့်ပြုချက် ရယူခြင်းမရှိ ၊ နန်းတော်အနီး သတ်မှတ်ထားတဲ့ အကွာအဝေး မီတာ ၁၅၀ ထက် ကျော်လွန်မှု ၊ လူမှုကွန်ရက်အသုံးပြုပြီး လှုံ့ဆော်စည်းရုံးမှု ၊ ခွင့်ပြုချက်မရဘဲ အသံချဲ့စက် အသုံးပြုမှု ၊ အများပြည်သူတွေကို အနှောင့်အယှက်ပေးမှုတွေနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။
အဲဒီမတိုင်ခင်က အနာဂတ်သစ်ပါတီ ( FFP )ဟာ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့အတွက် အခြေခံဥပဒေတရားရုံးက ပါတီဖျက်သိမ်းကြောင်း၊ ပါတီခေါင်းဆောင် ထနားထွဏ်း၊ ပီယပွတ် ၊ ချော့ဖနိကာ တို့ကို နိုင်ငံရေးလှုပ်ရှားခွင့် ၁၀ နှစ်တာ ပိတ်ပင်ကြောင်း အမိန့်ချခံရတဲ့အတွက် တရားမျှတမှုမရှိဘူးဆိုပြီး ပါတီနဲ့ ပါတီဝိုင်းရံသူပြည်သူတွေ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
တရားစွဲခံရသူတွေဟာ မနေ့က တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လာရောက်ကြား နာခဲ့ပြီး ဗဟိုတရားရုံးထိ အယူခံဆက်တင်သွားမယ်လို့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဖျက်သိမ်းခံရတဲ့ FFP ပါတီကနေ အသစ်ပြန်ဖွဲ့စည်းခဲ့တဲ့ MFP ပါတီခေါင်းဆောင် ထိမ်းဖိထား လိုမ့်ကျရွန်းရတ်က သူတို့အနေနဲ့ ဒီမိုကရေစီနည်းအရ လွတ်လပ်စွာစီတန်းလှည့် လည်ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ နိုင်ငံသားအခွင့်အရေးကို ကိုင်စွဲပြီး ဆန္ဒပြခဲ့တာဖြစ်တယ်၊ နန်းတော်နဲ့ မီတာ ၁၅၀ အကွာထက်ကျော်လွန်တယ်ဆိုတာ ဘယ်နေရာကနေ စတိုင်းသလဲဆိုတာ ပြန်မေးခွန်းထုတ်ရမှာဖြစ်တယ်၊ သူတို့မှာအပြစ်မရှိတဲ့အတွက် ဗဟိုတရားရုံးထိအဆင့်ဆင့် အယူခံ ဝင်သွားမယ်လို့ ပြောပါတယ်။
နိုင်ငံရေးလောကကနေ ၁၀ နှစ်တာရပ်နားဖို့ အပြစ်ပေးခံထားရတဲ့ ထမဿတ်တက္ကသိုလ် လက်ထောက်ကထိက နိုင်းပီယပွတ်ကန်းကနုတ်ကွန်းကလည်း တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်ဟာ အမှုထက်ပိုကြီးလေးနေတယ် ၊ အမှန်မှာ ဆန္ဒပြမှုကြောင့် ပြည်သူတွေကို ရိုက်ခတ်မှု ဘယ်လောက်ရှိသလဲ ဆိုတဲ့အပေါ်မှာ တိုင်းတာဆုံးဖြတ်ရမယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်က ရှပ်နီဆန့်ကျင်တဲ့ PAD ရှပ်ဝါအဖွဲ့ဟာ နိုင်ငံတကာသုဝဏ္ဏဘုမိလေဆိပ်ကို ၁ ပတ်ကျော် ပိတ်ဆို့ ဆန္ဒပြလို့ တိုင်းပြည်ဝင်ငွေ ဘတ်သန်းပေါင်း ၅၀၀ ကျော်ဆုံးရှုံးခဲ့တယ်။ ဒါပေမဲ့ သူတို့ကိုတော့ ဒဏ်ငွေ ဘတ် ၂၀၀၀၀ စီပဲချခဲ့တယ်၊ ထောင်ဒဏ်မရှိဘူး ၊ FFP ပါတီကျတော့ ဆန္ဒပြချိန် ၁ နာရီလောက်ပဲကြာတယ်၊ အနည်းငယ် ယာဉ်ကြောပိတ်သွားတာကလွဲလို့ တိုင်းပြည် အတွက် ဘာမှ နစ်နာဆုံးရှုံးတာမရှိဘူး၊ ပြည်သူတွေလည်း ပါဝင်ထောက်ခံတယ်၊ ဒါကြောင့် ဗဟိုတရားရုံးထိ ဆက်အယူခံဝင်မယ်လို့ ပြောသွားပါတယ်။
MFP ပါတီဟာ ဘုရင့်နန်းတော်ဆိုင်ရာ ပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို အသုံးချပြီး ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာအနိုင်ရဖို့ မဲဆွယ်ခဲ့တာကြောင့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံကိုထိခိုက်စေမှုနဲ့ အကြုံးဝင်ကြောင်း အခြေခံဥပဒေတရားရုံးက ပြီးခဲ့တဲ ဇန်နဝါရီ ၃၁ မှာ စီရင်ဆုံးဖြတ်ခဲ့ပါတယ် ။ ဒါကြောင့် သူတို့ပါတီကို ဖျက်သိမ်းဖို့ အတိုင်ခံထားရပါတယ်။ ဒီကြားထဲမှာ အခု အမှုဟောင်းနဲ့ပတ်သက်ပြီး ထောင်ဒဏ်ငွေဒဏ် အပြစ်ပေးခံရတဲ့အတွက် ပါတီခိုင်မြဲတည်တံ့ဖို့ မရေရာသလို MFP ပါတီခေါင်းဆောင် ထိမ်းဖိထား ဟာလည်း ဝန်ကြီးချုပ်အဖြစ် ထပ်မံယှဉ်ပြိုင်အရွေးခံရဖို့ ပိုမိုအလှမ်းဝေးသွားပါတယ်။
MFP ပါတီခေါင်းဆောင်အများစုဟာ နိုင်ငံခြားကနေကျောင်းပြီးလာတဲ့ ဘွဲ့ရ ခေတ်ပညာတတ်တွေ၊ စီးပွါးရေးမှာအောင်မြင်နေတဲ့လူရွယ်တွေ ၊ တက္ကသိုလ်က ကထိက တွေ ဖြစ်ပြီး လူငယ်တွေကြားရေပန်းစားနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်မယ်ဆိုတာကြောင့် ဘုရင်စနစ်ဝါဒီနဲ့ စစ်အုပ်ချုပ်ရေး ထောက်ခံအားပေးသူတွေရဲ့ ငြိုငြင်မှုကိုခံရပြီး ပုဒ်မအမျိုးအမျိုးတပ်ကာ နှိပ်ကွပ်အရေးယူမှုတွေ ခံနေရတာပါ။