Home
နိုင်ငံတကာ
သမ္မတဘိုင်ဒင်က သူ့ပုံရိပ်မြှင့်တင်ရန် အီရတ်နှင့် ဆီးရီးယားတွင် တိုက်ခိုက်ခဲ့ဟု ရုရှား စွပ်စွဲ
DVB
·
February 6, 2024
FILE PHOTO: President Biden travels to South Carolina

အမေရိကန်စစ်သားတွေ သေဆုံးသွားရတဲ့ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာမဟုတ်ဘဲ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုတွေ အရှိန်မြင့်နေချိန်မှာ သမ္မတ ဂျိုးဘိုင်ဒင်ဟာ သူ့ပုံရိပ်ကို မြှင့်တင်ဖို့အတွက် အီရတ်နဲ့ ဆီးရီးယားမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရုရှားက ဖေဖော်ဝါရီ ၅ ရက်မှာ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဂျော်ဒန်မှာ အမေရိကန်စစ်သား ၃ ဦး သေဆုံးပြီးနောက် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ သူ့မဟာမိတ်အဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ ဒါဇင်ပေါင်းများစွာသော ပစ်မှတ်တွေကို အမေရိကန်က သောကြာနေ့မှာ လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရဲ့ လုပ်ရပ်အတွက် ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဗာစီလီ နေဘန်ဇီယာက မော်စကိုအစိုးရက တောင်းဆိုထားတဲ့အတိုင်း ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

သူတို့ကတော့ အမေရိကန်ရဲ့ အင်အားပြဖို့ ကြိုးစားမှုတွေကို တွေ့မြင်နေရပြီး ပထမဦးဆုံး အမေရိကမှာ ပြည်တွင်းနိုင်ငံရေးအခင်းအကျင်းကို လွှမ်းမိုးလိုတဲ့ဆန္ဒ၊ နိုင်ငံတကာ နယ်ပယ်မှာ လက်ရှိ အမေရိကန်အစိုးရရဲ့ ဆိုးရွားတဲ့ပုံရိပ်ကို တနည်းတဖုံ ပြန်ပြုပြင်လိုတဲ့ ဆန္ဒတွေ ဖြစ်နေတာကို မြင်နေရတယ်လို့ ဆိုပါတယ်။

ဘိုင်ဒင်နဲ့ပတ်သက်တဲ့ နေဘန်ဇီယာရဲ့ ပြောဆိုချက်အပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အိမ်ဖြူတော်က ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုဒ်ကတော့ ဆီးရီးယားနဲ့ အီရတ်မှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ လက်နက်ကိုင်တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ တဦးချင်း သို့မဟုတ် နိုင်ငံတွေရဲ့ စုပေါင်းအခွင့်အရေးဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ ပဋိညာဉ်စာတမ်းပါ ပုဒ်မ ၅၁ အရ တရားမျှတ အကျုံးဝင်ကြောင်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဂါဇာကမ်းမြောင်ဒေသမှာ ပဋိပက္ခတွေ အရှိန်လျော့သွားအောင် ထိန်းချုပ်ဖို့ တက်တက်ကြွကြွ လုပ်ဆောင်နေချိန်မှာ ဒေသတွင်းပဋိပက္ခကို ပိုလို့တောင် မလိုလားကြောင်း ရှင်းရှင်းပဲ ပြောလိုပါကြောင်းနဲ့ အီရန်နဲ့ တိုက်ရိုက်ပဋိပက္ခ မဖြစ်လိုပေမဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေအပေါ် လက်မခံနိုင်စရာ တိုက်ခိုက်မှုတွေကနေ ဆက်ပြီး ခုခံကာကွယ်သွားမှာပါလို့လည်း အမေရိကန် လက်ထောက်သံအမတ်ကြီး ရောဘတ်ဝုဒ်က ပြောပါတယ်။

ဆီးရီးယားနဲ့ အီရတ်ရှိ တိုက်ခိုက်မှုတွေဟာ ယီမင်ရှိ အီရန်ရဲ့မဟာမိတ် ဟူသီအဖွဲ့က ပင်လယ်နီအတွင်း ကုန်တင်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ ဗြိတိန်တို့က သီးခြားလုပ်ဆောင်တဲ့ စစ်ဆင်ရေး ဖြစ်ကြောင်းလည်း သူကဆိုပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ကတော့ လောလောလတ်လတ် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ အီရန်သေဆုံးမှု တစုံတရာကို မသိရှိကြောင်း တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး အာမီယာ ဆေအစ်ဒ် အီရာဗာနီ ကတော့ အမေရိကန်ရဲ့လုပ်ရပ်ဟာ တရားမဝင်ဖြစ်ပြီး တရားမျှတမှုလည်း မရှိဘူးလို့ ရှုတ်ချခဲ့ပါတယ်။

Source/Photo-REUTERS/Tom Brenner/Andrew Kelly

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024