ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်မှာရှိတဲ့ မောတောင်ငယ်ကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၅ ရက် နေ့လယ် ၂ နာရီအချိန်လောက်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မြိတ်ကနေ တက်လာတဲ့ Mi-2 တိုက်ခိုက်ရေးရဟတ်ယာဥ် ၁ စင်းဟာ တနင်္သာရီမြို့နယ်၊ သဲဖြူရွာနဲ့ မောတောင်ကျေးရွာကြားကို ဗုံးသီး ၁၁ လုံး လာကြဲသွားကာ ၂ နာရီ ၁၅ မိနစ်လောက်မှာတော့ မြိတ်ကို ပြန်တက်သွားတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဗီနိုက “ လေယာဥ်က ဘိတ်(မြိတ်)လေတပ်နေ တက်လာတယ်။ ဗုံးကြဲပြီး ချက်ချင်းပဲ ပြန်သွားတယ်။ တနင်္သာရီမြို့နယ်မှာ အခုဆို ဒုတိယအကြိမ်ဖြစ်ပြီပေါ့ဗျာ။ တိုက်ပွဲဖြစ်တာမျိုး မရှိဘူး။ ဒီတိုင်း အသားလွတ်ကြီး ၁၁ လုံး လာကြဲသွားတာ”လို့ ပြောပါတယ်။
အဲဒီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သားပြည်သူတွေ ထိခိုက်တာမျိုးမရှိခဲ့ဘူးလို့ သိရပြီး သဲဖြူရွာအနီးမှာရှိတဲ့ ကျောက်ကားတစီး ဗုံးသီးကျည်အစအန ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်တဲ့နေ့က ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကားလမ်းမပေါ်မှာ ခရီးသည်ကားတွေ သွားလာနေပေမဲ့ ထိခိုက်မှုတစုံတရာတော့ မရှိခဲ့ဘူးလို့ ခရီးသွားပြည်သူ တစ်ဦးက ပြောပါတယ်။
ခရီးသွားပြည်သူတစ်ဦးက “မောတောင်ကို လာတဲ့လမ်းမှာ အသံတော့ ကြားလိုက်ရတယ်။ လမ်းမှာ ခဏနားလိုက်ရသေးတယ်။ စစ်ဆေးတဲ့နေရာ ရောက်တော့ ဗုံးလာကြဲသွားတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်လာတာ ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်က တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာနဲ့ ကျွန်းစုမြို့နယ် မင်းဂုတ်ရွာတို့ကို ဗုံးသီးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဇန်နဝါရီ ၃၀ ရက်က ပုလောမြို့နယ် မီးလောင်ချောင်းရွာ စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ လေကြောင်းကနေ ဗုံးသီးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့အပြင် အရပ်သားပြည်သူတွေပါ ထိခိုက်သေဆုံးမှုတွေ ပါရှိတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ စစ်ရေးတင်းမာလာပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုပါ စစ်ကောင်စီက အသုံးပြုလာတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဒေသတွင်း အင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့၊ ဗုံးခိုကျင်းတွေကို ကြိုတင်ကာကွယ်ဖို့အတွက် လုပ်ဆောင်လာကြဖို့ကို မြို့နယ် ပကဖပြန်ကြားရေးတာဝန်ခံ ကိုဗီနီုကနေ အသိပေးထားပါတယ်။