ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက် ကုန်သွယ်ရာ လမ်းမပေါ်ရှိ သိန္နီ-လားရှိုးကြားက နမ္မတူ ချောင်းကူး သိန္နီယာယီတံတားကို ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်ပြီးစီးထားပြီ ဖြစ်ကြောင်း ကုန်သည် လုပ်ငန်းရှင်တွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ယာဉ်မောင်းတစ်ဦးက “သိန္နီ ယာယီတံတား ပြီးပြီ။ မနေ့က ပြီးသွားတာ ဟုတ်တယ်။ ခရီးသည်ကားတွေ ဘယ်သူမှ မသွားရဲသေးဘူး” လို့ ပြောပါတယ်။
ကားတွေလည်း သွားလို့ရပြီဖြစ်ပြီး လားရှိုးလည်း ဝင်လို့ရတယ်လို့ သိရပေမဲ့ လက်ရှိတော့ လားရှိုး အသွားအလာလုပ်သူတွေ မဟုတ်ဘဲ အနီးအနားရွာတွေက သွားလာနေကြပြီလို့ သူက ပြောပါတယ်။
နယ်စပ် ကုန်သည် လုပ်ငန်းရှင်တစ်ဦးက “သိန္နီ တံတား၊ သိန္နီတံတား ယာယီလည်း ပြီးပြီ။ ဟို သံဘောင် တံတားလည်း သံဘောင်တွေ ဘာတွေလည်း ရောက်နေပြီ။ ကိုးကန့်တွေက ဟိုမှာ သူတို့ ဆောက်မယ်တဲ့။ တံတားကြီး ဆောက်မှာပေါ့” လို့ ပြောပါတယ်။
သိန္နီကနေ လားရှိုးဘက် အထွက်က နမ္မတူ ချောင်းကူးတံတားကြီးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းက ဖောက်ခွဲခံရလို့ ကျိုးကျ ပျက်စီးသွားတာ ဖြစ်ပါတယ်။