စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး ကျီကုန်းရွာက ရွာသား ၄၀ ကို ကလေးဒေသကွပ်ကဲမှု စစ်ဌာနချုပ်က ဒကစမှူးကိုယ်တိုင် ပြည်သူ့စစ်ထဲဝင်ဖို့ ကျီကုန်းရွာဘုန်းကြီးထံ တောင်းခံနေတယ်လို့ ရွာခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂ ရက်က ကလေးဒကစမှူးကိုယ်တိုင် ကျီကုန်းရွာ သီရိလင်္ကာဘုန်းကြီးထံ ဖုန်းနဲ့ဆက်သွယ်ပြီး လူငယ်၊ လူလတ်ပိုင်းအရွယ် အမျိုးသား အယောက် ၄၀ ကို တောင်းခံထားပြီး ကိုယ်တိုင်လာခေါ်မယ်လို့ ပြောထားကြောင်း ဆိုပါတယ်။
ကျီးကုန်းရွာ ဒေသခံတဦးက “သတင်းက ဟုတ်တယ်။ ကျမတို့လည်း အဲ့ဒါ ဦးနှောက်ခြောက်နေတာ။ ရွာလူကြီးတွေကတော့ ရွာမှာ အစည်းအဝေး အရင်လုပ်ပြီး တိုင်ပင်ကြဦးမယ်ပြောတယ်” လို့ ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
ကျီကုန်းရွာက ဒေသခံအမျိုးသား ၄၀ ကို စစ်ကောင်စီက ကလေးဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှာ စစ်သင်တန်းပေးကာ ရပ်ရွာရဲ့ လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားကြောင်း ရွာခံတွေက ပြောပါတယ်။
ကျီကုန်းရွာ ဒေသခံလူငယ်တဦးက “ရွာမှာ အတင်းအကျပ် လုပ်လာရင်တော့ တခြားနေရာရှောင်မလို့ ပြင်ဆင်ထားတယ်။ ကလေးမြို့ထဲလည်း မသေချာဘူး။ ဘယ်သွားလို့ သွားရမှန်းကို သေချာမသိသေးဘူး” လို့ ပြောပါတယ်။
အဆိုပါ ကျီကုန်းကျေးရွာဟာ သမိုင်းဝင် ရေဆန်ကျွန်းဘုရားရဲ့ တောင်ခြေရင်း စစ်ကောင်စီတပ်စခန်းတွေ အနီးမှာ တည်ရှိပြီး ကလေးမြို့နဲ့ ၆ မိုင်သာ ကွာဝေးပါတယ်။
ကျီကုန်းကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၁,၀၀၀ ဝန်းကျင်နေထိုင်ကာ ဒေသခံတွေဟာ ယာလုပ်ငန်းနဲ့ တံငါလုပ်ငန်းကို အများစု လုပ်ကိုင်စားသောက်ကြတယ်လို့ သိရပါတယ်။