တမြို့လုံး စက်ဘီးလမ်းသီးသန့်ရှိတဲ့မြို့ ဖြစ်လာဖို့ နှစ်ရှည်စီမံကိန်းနဲ့ လုပ်ဆောင်နေတဲ့ ပြင်သစ် မြို့တော် ပါရီမှာ ဖေဖော်ဝါရီ ၄ ရက်မှာ အရွယ်အစားကြီးမားတဲ့ SUV ကားတွေအပေါ် ကားပါကင်ကြေး တိုးကောက်ဖို့ သင့်၊ မသင့် လူထုဆန္ဒခံယူပွဲ ကျင်းပပါတယ်။
ဆိုရှယ်လစ်မြို့တော်ဝန် အန်းန် ဟီဒယ်လ်ဂို လက်ထက်မှာ ပါရီမြို့ လမ်းမတွေကို အသွင်ပြောင်းပစ်ခဲ့ပြီး ၂၀၂၀ ကနေ ဒီကနေ့အထိ စက်ဘီးလမ်း ၈၄ ကီလိုမီတာ ဖန်တီးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ကိုဗစ်-၁၉ လော့ခ်ဒေါင်းကာလကနေ ၂၀၂၃ အတွင်း စက်ဘီးအသုံးပြုမှု ၇၁ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။ မနှစ်ကလည်း ပါရီမှာ e-scooter တွေကို ပိတ်ပင်ဖို့ လူထုဆန္ဒခံယူပွဲနဲ့ မဲခွဲ အတည်ပြုခဲ့ပါတယ်။
အခုတခါမှာတော့ ၁ ဒသမ ၆ တန်ထက် ပိုကြီးတဲ့ကားတွေအတွက် ကားပါကင်ကြေးကို ၃ ဆ တိုးကောက်ဖို့ လူထုဆန္ဒခံယူပွဲ လုပ်တာဖြစ်ပြီး ‘ကြီးမားပြီး ညစ်ညမ်းစေတဲ့ ကားတွေ’ မစီးချင်အောင် လုပ်တဲ့သဘောလို့ မြို့တော်ခန်းမက ထုတ်ပြန်ပါတယ်။
“လေးလံပြီး၊ ပိုအန္တရာယ်ကြီးတဲ့၊ ပိုညစ်ညမ်းစေတဲ့ SUV တွေဟာ သဘာဝပတ်ဝန်းကျင် ဘေးဆိုးတစ်ခုပါပဲ” လို့ ပါရီဒုတိယမြို့တော်ဝန် အီမန်နျူရယ်ဂရက်ဂွါက ပြောပါတယ်။
ဒီအပြောင်းအလဲကို လူတိုင်းက သဘောကျနေတာတော့ မဟုတ်ပါဘူး။ ‘ယာဉ်မောင်းသူ သန်း ၄၀’ အဖွဲ့လို့ အမည်ပေးထားတဲ့ ကားအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့ကတော့ စိမ်းလန်းရေး အကြောင်းပြချက်နဲ့ လွတ်လပ်ခွင့်ကို တိုက်ခိုက်တာကို လုံးဝဆန့်ကျင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Source/Photo-REUTERS/Benoit Tessier