Home
မြန်မာသတင်း
ဆားလင်းကြီးနှင့် ကျိုက်ထိုတွင် ဂိတ်စခန်းများ တိုက်ခံရပြီး စစ်သား ၉ ဦးသေ
DVB
·
February 4, 2024
SAC SarlinGyi Gate Attack _04022024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တို့မှာ  စစ်ကောင်စီ ဂိတ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့လို့ ၉ ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းနားက လမ်းဆုံမှာရှိတဲ့ ပြည်သူတွေဆီက ငွေကြေးကောက်ခံတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ကို ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၆ နာရီခွဲမှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ Young People Force တာဝန်ရှိသူဆီက သိရပါတယ်။

“ဆက်ကြေးကောက်တဲ့အဖွဲ့ပေါ့။ သူတို့ဂိတ်ကို ကျနော်တို့က ဝင်ပစ်တာ။ မျက်မြင် ၆ ယောက် သေတယ်။ ကျနော်တို့ရဲဘော်တွေက အထိအခိုက်မရှိ ပြန်ဆုတ်ခဲ့တယ်။ လက်နက်ပစ္စည်းတွေက မရလိုက်ဘူး။ သူတို့ထဲက ၂ ယောက်လောက်က အပင်တွေ ပြေးကပ်ပြီး စက်လက်နဲ့ထောက်ထားတော့ ကျနော်တို့ ပစ္စည်းကောက်ဖို့ အခွင့်မသာဘဲ ပြန်ဆုတ်ခဲ့ရတယ်” လို့ YPF တာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုကို Young People Force နဲ့ ဆားလင်းကြီး GZ အဖွဲ့တို့ ပူးပေါင်း ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ခလရ တပ်ရင်း ၂၀၇ နားက  ကျောက်မိုင်းထဲမှာ အင်အား ၅၀ လောက်နဲ့ ဂိတ်ထိုင်ထားတဲ့ စစ်ကောင်စီဂိတ်စခန်းကို ဖေဖော်ဝါရီ ၁ ရက် မနက် ၁၂ နာရီကျော်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ၆၀ မမ၊ ၄၀ မမ ဗုံးပစ်လောင်ချာ၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က အနည်း‌ဆုံး ၃ ယောက် သေဆုံး၊ ၁၀ ယောက် ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ Yangon Eagle(EB)အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ကျောက်မိုင်းထဲမှာ ဂိတ်ထိုင်‌ထားတဲ့ ပျူစောထီးနဲ့စစ်သား အင်အား ၅၀ လောက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားပစ်ခဲ့တာပါ။ မြေပြင် ထောက်လှမ်းရေး သတင်းအရ အနိမ့်ဆုံး ၃ ယောက် သေပါတယ်။ စစ်ကောင်စီဘက်က ၈၁ မမ၊ ၆၀ မမ၊ ၄၀ မမတွေနဲ့ ရမ်းသန်းပစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲတွေကိုတော့ ကျနော်တို့ ဆက်ပြီး ထုတ်ပြန်ပေးပါမယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို KNLA နဲ့အတူ Yangon Eagles(EB)၊ ကျိုက်ထိုပကဖ၊ သိမ်ဇရပ်ပကဖ၊ IAF(Iron Adventures Force) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်နယ်မြေရဲစခန်းကိုလည်း ဇန်နဝါရီ ၁၇ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ၄၀-မမ ဗုံးပစ်လောင်ချာနဲ့ သွားရောက် တိုက်ခိုက်တာကြောင့် ရဲ ၂ ယောက် သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024