စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရှမ်းတပ်ကျေးရွာက စိတ်မနှံ့တဲ့ ပြည်သူ ၁ ယောက်ကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး၊ အသက် ၆၀ ကျော်အမျိုးသား ၁ ယောက်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ကန့်ဘလူ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့၊ ရှမ်းတပ်ကျေးရွာမှာ ၂ ညအိပ်တပ်စွဲထားတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ် စစ်ကြောင်းက ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ မီးရှို့ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူဟာ အသက် ၄၉ နှစ်အရွယ် ကိုကြည်မြင့် ဆိုသူဖြစ်ပြီး စိတ်ကျန်းမာရေး မကောင်းသူ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကန့်ဘလူက စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတယောက်က “ကန့်ဘလူ၊ ဇီးကုန်း သကြားစက်နေက ရှမ်းတပ်ရွာမှာ တပ်စွဲထားတာ။ စိတ်မနှံ့တဲ့သူကို ရိုက်သတ်ပြီး အိမ်ပေါ်တင် မီးရှို့သွားတာ၊ အဲဒီအိမ်လည်း မီးလောင်သွားတယ်” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ရွာက ထွက်သွားချိန်မှာ အသက် ၆၂ နှစ်အရွယ် အမျိုးသားတယောက်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက်ပိုင်းအထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ တိုက်ခိုက်မှုတာတွေကြောင့် ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က လူဦးရေ ၆,၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။