ကမ္ဘာတဝန်းရှိ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့နဲ့ ဆိုက်ဘာလုံခြုံရေး ပြဿနာတွေကို အသုံးချပြီး တခြားနိုင်ငံတွေကို သိက္ခာချနေတာတွေ ရပ်တန့်ဖို့ တရုတ်အစိုးရက အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ဖေဖော်ဝါရီ ၁ ရက်မှာ ပြောပါတယ်။
တရုတ်ဟက်ကာတွေလို့ ခေါ်ဆိုပြီး လောလောလတ်လတ် အမေရိကန်က ပုံကြီးချဲ့ ပြောဆိုထားတဲ့ မှတ်ချက်တွေ ပေးလာတာကြောင့် ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်ဟာ ပေကျင်းမှာပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က “တရုတ်က ဆိုက်ဘာတိုက်ခိုက်မှု အားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဥပဒေနဲ့အညီ နှိမ်နင်းခဲ့ပါတယ်။ အမေရိကန်ဘက်က အထောက်အထား ခိုင်ခိုင်မာမာမရှိဘဲ ကောက်ချက်ချခဲ့ပြီးတော့ တရုတ်နိုင်ငံကို အခြေအမြစ်မရှိ စွပ်စွဲပြီး အပုပ်ချခဲ့တာတွေဟာ အလွန်တရာ တာဝန်မဲ့ပြီး အမှားအမှန်ကို ရှုပ်ထွေးစေပါတယ်။ ဒါကို တရုတ်က ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်” လို့ ပြောသွားတာပါ။
အမေရိကန်ပြည်ထောင်စုဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် လှုံ့ဆော်ပေးသူဖြစ်ပြီး ဆရာကျကျ ကျွမ်းကျင်သူလည်းဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန် ဆိုက်ဘာဌာနချုပ်ဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် တရားဝင်ပစ်မှတ်တွေ အဖြစ် တခြားနိုင်ငံတွေက အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေကို ပြောင်ပြောင်တင်းတင်း ဖော်ထုတ် ပြောဆိုခဲ့ကြောင်းလည်း ဝမ်က ပြောဆိုပါတယ်။
မနှစ်ကတည်းက တရုတ်နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေး အေဂျင်စီတွေဟာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေပေါ်မှာ အမေရိကန်အစိုးရရဲ့ ကာလရှည်ကြာ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ဖော်ထုတ်ထားတဲ့ အစီရင်ခံစာတွေကို ထုတ်ပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာတဝန်းက ဆိုက်ဘာခိုးယူမှုနဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး တခြားနိုင်ငံတွေကို သိက္ခာကျအောင် ဆိုက်ဘာလုံခြုံရေး ပြဿနာတွေကို အသုံးချနေတာတွေ ရပ်တန့်ဖို့ အမေရိကန်ကို တိုက်တွန်းလိုက်ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ပြောသွားပါတယ်။
Source/Photo-Reuters