ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဟနွိုင်းမှာ ဖေဖော်ဝါရီ ၂ ရက်က ဆိုးရွားတဲ့ လေထုညစ်ညမ်းမှု ဖြစ်ခဲ့တာကြောင့် မြို့တော်ရဲ့လေဆိပ်မှာ လေကြောင်းခရီးစဉ် ဒါဇင်ပေါင်းများစွာကို ထိခိုက်စေခဲ့ပါတယ်။
အဝင်လေယာဥ်အားလုံးကိုတခြားအနီးနားရှိ မြို့တွေဆီ လမ်းကြောင်းပြောင်းထားရတယ်လို့ နို့ဘိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ရှိသူတဦးက ပြောပါတယ်။
လေဆိပ်ကို အဝင်အထွက် လေယာဉ်ခရီးစဉ် ၁၀၀ နီးပါး ထိခိုက်ခဲ့ကြောင်း လေဆိပ်အာဏာပိုင်တွေကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့ပါတယ်။
လွတ်လပ်တဲ့ လေထုအရည်အသွေး အညွှန်းကိန်း အွန်လိုင်းစောင့်ကြည့်ရေး အက်ပ်ဖြစ်တဲ့ Air Visual ကတော့ သောကြာနေ့ အစောပိုင်းမှာ ဟနွိုင်းရဲ့လေထုထဲမှာ PM 2.5 လို့ သိကြတဲ့ အန္တရာယ်ရှိ အမှုန်အမွှား ပမာဏဟာ ၁ ကုဗမီတာကို ၂၅၇ မိုက်ခရိုဂရမ်အထိ လွန်လွန်ကဲကဲ မြင့်မားနေကြောင်း ပြောထားပါတယ်။
လေထုညစ်ညမ်းမှု မြင့်မားနေပေမဲ့လည်း သောကြာနေ့ မွန်းလွဲပိုင်းမှာ ဟနွိုင်းလမ်းတွေဟာ ပုံမှန်အတိုင်း အသွားအလာ ထူထူထပ်ထပ် ပြည့်ကျပ်နေဆဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှု အမြင့်မားဆုံး အဆင့်ထဲမှာ ဟနွိုင်းရဲ့ လေထုညစ်ညမ်းမှုက အမြဲတစေ ပါဝင်နေလေ့ရှိပါတယ်။
ပြီးခဲ့တဲ့လမှာပဲ ကျန်းမာရေးအာဏာပိုင်တွေဟာ လူတွေကို နှာခေါင်းစည်းတွေတပ်ဖို့နဲ့ ပြင်ပလှုပ်ရှားမှုတွေကို ကန့်သတ်ဖို့ အကြံပေးခဲ့ပါတယ်။
Source/Photo-Reuters