တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့မှာ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်မှု စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက် နေ့လည် ၂ နာရီလောက်က တိုက်ပွဲဖြစ်ပွားနေတဲ့ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာမှာ မြိတ်ကနေတက်လာတဲ့ စစ်ကောင်စီရဲ့ Mi-2 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစင်းက ဗုံးသီး ၉ လုံးကြဲ တိုက်ခိုက်သွားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ဒေသခံပြည်သူတဦးက “ကျနော်တို့အထက်ကပဲ ပျံသွားတာ ဒီရဟတ်ယာဥ်က။ ဘန်လောမှာ လူတွေတော့ မရှိကြတော့ဘူး။ အတက်မှာ ၄ လုံးကြဲတယ်၊ အပြန်မှာ နောက်ထပ် ၅ လုံး ကြဲသွားတယ်၊ ထိခိုက်မှုတော့ မသိနိုင်သေးဘူး” လို့ ပြောပါတယ်။
အဆိုပါရဟတ်ယာဥ်ကနေ တနင်္သာရီမြို့နယ်မှာ ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြိတ်မြို့အပြန်မှာ ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာပေါ်ကို နောက်ထပ် ဗုံးသီး ၆ လုံး ကြဲသွားခဲ့တယ်လို့ တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအင်အားစု (SWDF) ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။
SWDF ပြန်ကြားရေးတာဝန်ခံတဦးက “မင်းဂုတ်မှာ စာသင်ကျောင်းအနီး ဗုံးသီး ၆ လုံးကျတယ်။ အပြန်မှာ ဗုံးကြဲသွားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ တနင်္သာရီမြို့နယ်မှာ ဇန်နဝါရီ ၃၁ ရက်ကစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ တို့ကြား တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကလည်း မြိတ်ခရိုင် ပုလောမြို့နယ်မှာ စစ်ကောင်စီက ပထမဆုံးအကြိမ် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။