ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင် ဆီဆိုင်မြို့ပေါ်ကို PNLO/PNLA ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီနဲ့ PNA ပအိုဝ်းပြည်သူ့စစ်အဖွဲ့ကလည်း အဆိုပါမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာမှာ နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေပါတယ်။
အဆိုပါပစ်ခတ်မှုတွေကြောင့် နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတချို့ မီးလောင်ပျက်စီးခဲ့ပြီး မနေ့ ဖေဖော်ဝါရီ ၁ ရက် ညနေကလည်း ဆီဆိုင်မြို့ အောင်သပြေရပ်ကွက်ရှိ ဈေးကြီးအနောက်ဘက် နှစ်ထပ်တိုက်အိမ်တလုံးနဲ့ ဘုရားဖြူရပ်ကွက် ၃ ဘက်မှာလည်း မီးလောင်မှု ထပ်ဖြစ်တယ်လို့ ဆီဆိုင် စစ်ရှောင် ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညနေပိုင်းက ဈေးအနောက်ဘက်က စက်ချုပ်ပစ္စည်းရောင်းတဲ့ တိုက်အိမ်တလုံး မီးလောင်တယ်။ မီးသတ်ကားလည်းမရှိဘူး။ အနီးနားလူတွေ ရေခပ်ပြီး ဝိုင်းငြှိမ်းရတယ်။ ဘေးအိမ်တွေတော့ မီးမကူးဘူး။ ဆီဆိုင်တမြို့လုံးနီးပါး စစ်ရှောင်နေလို့ အိမ်ရှင်လည်း ရှိဟန်မတူပါဘူး။ ကျနော်တို့လည်း အိမ်ကို ခဏပြန်ကြည့်တာပါ။ နေ့လယ်ပိုင်းက စစ်ကောင်စီဘက်က မြို့ပြင်ကနေ ဒရုန်းတွေနဲ့ ပစ်တယ်လို့လည်း ပြောတယ်။ မီးဘယ်ချိန်စလောင်ပြီး ဘယ်ချိန်ငြိမ်းလဲ သေချာမသိဘူးခင်ဗျ၊ တိုက်ပွဲဖြစ်နေတော့ ခဏပဲနေပြီး အမြန်ပြန်လာခဲ့တာ။”
ဒါ့အပြင် ဘုရားဖြူ ရပ်ကွက် ၃ ဘက်မှာလည်း နေအိမ်မီးလောင်နေကြောင်း၊ အဝေးကသာ လှမ်းမြင်ရပြီး အန္တရာယ်မကင်းမှာစိုးလို့ သွားမကြည့်ရဲကြဘူးလို့ ဒေသခံက ပြောပါတယ်။
PNLO/PNLA ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဟာ ဆီဆိုင်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၄၂၄ တပ်ရင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နဲ့ ခမရ ၄၂၃ တပ်ရင်းကို ဇန်နဝါရီ ၂၈ ရက်တို့မှာ တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်သားအလောင်း ၅၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ ဖမ်းမိတယ်လို့ ဆိုပါတယ်။
အဲဒီနောက် စစ်ကောင်စီနဲ့ PNO ပအိုဝ်းပြည်သူစစ်တို့ ပူးပေါင်းပြီး ဆီဆိုင်မြို့ကို ပြန်လည်ရရှိဖို့ လေကြောင်းနဲ့ရော ဒရုန်းတွေပါသုံးပြီး တိုက်ခိုက်နေတာပါ။
ဇန်နဝါရီ ၃၀ ရက်နေ့က စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်လို့ ဆီဆိုင်မြို့က ရွှေညောင်ပင်ဓာတ်ဆီဆိုင် မီးလောင်ပြီး လွယ်ထွဲဘုန်းကြီးကျောင်း ပျက်စီးခဲ့ပါတယ်။
လက်ရှိ ဆီဆိုင်မြို့ပေါ်နဲ့ အနီးနားတဝိုက် ကျေးရွာက ပြည်သူသောင်းနဲ့ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှာလည်း ဆီဆိုင်မြို့ဘက်မှာ ပစ်ခတ်သံတွေ ထပ်ကြားနေရတယ်လို့ ဒေသခံက ပြောပါတယ်။