Home
မြန်မာသတင်း
ဗဟိုဘဏ်က နှစ်ရက်အတွင်း ဒေါ်လာ ၁၈ သန်းနှင့် ထိုင်းဘတ် သန်း ၅၀ ရောင်းချ
DVB
·
February 2, 2024
CentralBank

ဖေဖော်ဝါရီလ ပထမဆုံး နှစ်ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၈ သန်းနဲ့ ထိုင်းဘတ် သန်း ၅၀ ကို ထပ်မံရောင်းချခဲ့တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်အနေနဲ့ နိုင်ငံကြေးငွေဈေးကွက်ထဲကို ဖေဖော်ဝါရီ ၁ ရက်က အမေရိကန်ဒေါ်လာ ၁၃ သန်း၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေကို Online Trading Platform ကတဆင့် အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၃၃ သန်း၊ ထိုင်းဘတ် ၃၁၃ ဒသမ ၅ သန်းနဲ့ တရုတ်ယွမ် ၄ ဒသမ ၂ သန်းကို နိုင်ငံခြားငွေစျေးကွက်အတွင်း ထုတ်ရောင်းပေးခဲ့ပါတယ်။

စစ်ကောင်စီဗဟိုဘဏ်အနေနဲ့ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ထုတ်ရောင်းချပေးတာတွေကို ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ပြန်လည်ဆောင်ရွက်လာတာ ဖြစ်ပေမဲ့ ပြင်ပငွေကြေးဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေဈေးတွေနဲ့ ရွှေစျေးတွေက အတက်ဘက်မှာပဲ ဆက်ရှိနေပါတယ်။

အမေရိကန်‌ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုန်းက ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်မှာ တဒေါ်လာကို ၃,၅၅၀ ကျပ်နှုန်း ဖြစ်ပေါ်နေပြီး ထိုင်းဘတ်ဈေးက ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၁၀၁ ကျပ်၊ တရုတ်ယွမ်ဈေးက တယွမ်ကို မြန်မာငွေ ၄၈၀ ကျပ်ဝန်းကျင်ကနေ ၄၉၅ ကျပ်အထိ မြင့်တက် ရောက်ရှိနေပါတယ်။

အလားတူ ပြင်ပရွှေစျေးကလည်း ပြီးခဲ့တဲ့ရက်ပိုင်း စျေးအတက်အကျ အနည်းငယ် ဖြစ်ခဲ့ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တကျပ်သားကို ၃,၈၇၀,၀၀၀ ကျပ် ပေါက်စျေးနဲ့ အမြင့်စျေးမှာ ဆက်ရှိနေပါတယ်။

ဝါရင့်ရွှေလုပ်ငန်းရှင်တဦးက “စျေးကွက်အနေအထားကတော့ သိပ်မကျနိုင်တဲ့ အနေအထား ရှိပါတယ်။ တက်ရင်လည်း တက်သွားမယ်။ မတက်ရင်လည်း ဒီလောက်မှာ တန်းနေမယ်၊ သိပ်မကျနိုင်လောက်ဘူး” လို့ သုံးသပ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ကတော့ သူတို့ရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေး လုပ်ဆောင်ချက်တွေ အရ ၂၀၂၃ ဒီဇင်ဘာလကနေ ၂၀၂၄ ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်ငွေတို့ရဲ့ ငွေလဲနှုန်း ပြောင်းလဲမှုက ၀ ဒသမ ၅ ရာခိုင်နှုန်းအောက်မှသာရှိပြီး နိုင်ငံခြားငွေလဲနှုန်း‌‌တွေ အထိုက်အလျောက် တည်ငြိမ်မှုရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024